သုံးရလွယ်ကူစေသည့် Link များ

ဆီးရီးယားနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၈၀၀ နီးပါးရှိတဲ့ အကျဉ်းထောင်မှာ သီတင်းတပတ်နီးပါး ဆူပူအုံကြွနေတာကို အစိုးရတပ်တွေ ထိန်းချုပ်ဖို့ ကြိုးစားနေပေမယ် မအောင်မြင်ခဲ့ပါဘူး။

ဆီးရီးယား အတိုက်အခံခေါင်းဆောင်တွေက Hama ဗဟိုအကျဉ်းထောင်က အကျဉ်းသားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်ခြေရှိ တာကို သတိပေးထားပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အရေးပေါ် ဆောင်ရွက်မှုတွေကို ချက်ခြင်းဆောင်ရွက်ပေးကြဖို့ တောင်းဆို လိုက်ပါတယ်။

သောကြာနေ့ညမှာ အစိုးရတပ်တွေ ထောင်ကိုဝင်စီးကတည်းကစလို့ အကျဉ်းထောင်တွင်း အခြေအနေ တဖြည်းဖြည်း ဆိုးလာနေပြီး ထောင်ရိက္ခာကို ဖြတ်ဖို့လည်း စီစဉ်နေကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ အကျဉ်းသားတွေက လူမှုကွန်ယက်ကို တင်လိုက်တဲ့ ဗွီဒီယိုတခုမှာ အစိုးရတပ်တွေက အကျဉ်းထောင်ထဲက အချုပ်ခန်းတွေထဲ မျက်ရည်ယိုဗုံးတွေပစ်သွင်းပြီးတဲ့နောက် အသက်ရှူကြပ် နေကြတာကို တွေ့ရပါတယ်။ သေနတ်သံတွေကိုလည်း ကြားနေခဲ့ရပါတယ်။

အကျဉ်းသားတွေက လုံခြုံရေးအစောင့်တွေကို ဖမ်းပြီး ဆူပူအုံကြွခဲ့ပြီးတဲ့နောက် တနင်္လာနေ့ကတည်းက အစိုးရတပ်တွေက အကျဉ်းထောင်ကို ဝိုင်းထားပါတယ်။ အကျဉ်းသားတချို့ကို ဒမတ်စကက်မြို့မြောက်ပိုင်း အစိုးရ ထောက်လှမ်းရေးဌာနရှိရာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ Sednaya အကျဉ်းထောင်ကို ရွှေ့ဖို့ စီစဉ်ခဲ့တာကြောင့် အခုလို ထောင်တွင်းဆူပူမှု ဖြစ်ခဲ့တာပါ။

XS
SM
MD
LG