သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားနိုင်ငံအတွင်း ကန်-ရုရှား လေကြောင်းဆိုင်ရာ သဘောတူညီမှုရ


အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံတို့ကြား နှစ်နိုင်ငံရဲ့ တိုက်လေယာဉ်တွေအနေနဲ့ လုံခြုံစိတ်ချရတဲ့ အကွာအဝေးမှာ နေကြဖို့ အခြေခံ ချမှတ်ထားတဲ့ သဘောတူညီချက် နားလည်မှုစာချွန်လွှာကို အင်္ဂါနေ့မှာ လက်မှတ်ရေးထိုးလိုက်ပြီးတဲ့နောက် သဘောတူညီချက်ဟာ ချက်ခြင်း သက်ရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။

ပန်တဂွန်စစ်ဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းထောက်တွေနဲ့ တွေ့ဆုံပွဲမှာ အမေရိကန် ကာကွယ်ရေးဌာနရဲ့ ပြောခွင့်ရသူ Peter Cook က တဘက်နဲ့ တဘက် လေယာဉ်တွေ ဘယ်လောက် အကွာအဝေးမှာ နေကြရမယ်ဆိုတဲ့ အတိအကျကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

ဒါပေမဲ့ အမေရိကန် လေယာဉ်မှူးတွေအနေနဲ့ ဒါကို သိထားကြပြီးဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒီသဘောတူညီမှုက တဘက်နဲ့ တဘက် ခြိမ်းခြောက်တာမျိုး မဖြစ်အောင် ကျူးကျော်ရန်စတဲ့ အဖြစ်မျိုး မကြုံအောင် ဟန့်တားနိုင်လိမ့်မယ်လို့ ယူဆကြောင်း ပြောဆိုပါတယ်။

ဒီသဘောတူညီမှုနဲ့ ပတ်သက်ပြီး အသေးစိတ်ကို မထုတ်ပြန်ဖို့ ရုရှားနိုင်ငံဘက်က တောင်းဆိုထားကြောင်း Mr. Cook က ပြောပါတယ်။ ကျနော်တို့အနေနဲ့ မှားယွင်း တွက်ချက်တာမျိုး မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

ဒီသဘောတူညီမှုမှာ ဆီးရီးယားနိုင်ငံအပေါ်မှာ ရှိနေတဲ့ လေယာဉ်တွေအားလုံးနဲ့ သက်ဆိုင်ကြောင်း အဲဒီအထဲမှာ မောင်းသူမဲ့ drone ယာဉ်တွေပါ ပါဝင်ပြီး၊ တခြားနိုင်ငံတွေနဲ့တော့ သက်ဆိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

တနင်္လာနေ့က Latakia ခရိုင်အတွင်း ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း လူပေါင်း ၄၅ ယောက် ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆီးရီးယားအရေး စောင့်ကြည့်နေတဲ့ လူ့အခွင့်ရေးအဖွဲ့က ပြောဆိုပါတယ်။

XS
SM
MD
LG