သုံးရလွယ်ကူစေသည့် Link များ

ဆီးရီးယားအစိုးရကို ထပ်ဆင့် ဒဏ်ခတ်ပိတ်ဆို့ဖို့ ကန် စဉ်းစားနေ


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry

ဆီးရီးယားမှာ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ တနေ့တခြား တိုးလာနေချိန်မှာပဲ အပစ်အခတ်ရပ်စဲဖို့ ထပ်မံကြိုးပမ်းချက်တွေ အရာမထင် ဖြစ်နေတဲ့အပေါ် စိတ်ပျက်လာတာမို့ ဆီးရီးယား သမ္မတ Bashar al-Assad နဲ့ သူ့ကိုပံ့ပိုးပေးနေသူတွေအတွက် နောက်ထပ် အရေးယူ ဒဏ်ခတ်မှုတွေ တိုးချဖို့ စဉ်းစားနေတယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောပါတယ်။ ဒီလိုလုပ်ဆောင်မှုကို လာမယ့် သီတင်းပတ် အနည်းငယ် အတွင်းမှာပဲ လုပ်ဆောင်ဖို့ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။

တနင်္ဂနွေနေ့က လန်ဒန်မှာ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမဏီ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံအပြီးမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က သံတမန်နည်းလမ်းအရ လုပ်နိုင်တဲ့နည်းတွေ ရှိတာမို့ ဒီနည်းလမ်းနဲ့ပဲ ဆက်လုပ်နေကြတာ ဖြစ်ကြောင်း ပြောခဲ့သလို ဥရောပနိုင်ငံတွေမှာ စစ်ပွဲ ဆင်နွှဲချင်စိတ်လည်း သိပ်မတွေ့ရဘူး လို့ပြောပါတယ်။

ဆီးရီးယားနိုင်ငံမှာ စစ်ပွဲဒဏ်ခံနေရတဲ့ Aleppo မြို့အတွက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ပျက်ပြားခဲ့တဲ့နောက် ဆွစ်ဇလန် နိုင်ငံမှာ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ ဝန်ကြီး Kerry တို့ အပြင်းအထန် ဆွေးနွေးအပြီးမှာ အခုဆီးရီးယားက ၅ နှစ်ကြာ စစ်ပွဲတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲကို လန်ဒန်မှာ ဆက်လက်ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

ဝန်ကြီး Kerry ရဲ့ ဥရောပ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲကလည်း ဆီးရီးယား အစိုးရနဲ့ ရုရှားတို့ရဲ့ Aleppo မြို့ကို လေကြောင်း တိုက်ခိုက်မှုတွေ ရပ်ဆိုင်းစေဖို့ ဖိအားတိုးပေးမယ် ဆိုတာကလွဲရင် သိပ်မထူးခြားလှပါဘူး။

ဆီးရီးယား စစ်ပွဲအရှိန်လျော့စေချင်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး နဲ့ ဥရောပ နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေက ဒီကိစ္စအတွက် သံတမန်ရေး နည်းလမ်း တခုပဲ ရှိတယ်လို့ ပြောဆိုကြပါတယ်။

စိတ်ဝင်စားဖွယ် ...

XS
SM
MD
LG