သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားကို ဒုံးနဲ့ပစ်ခတ်မည်ဟု ကန်သမ္မတ ခြိမ်းခြောက်


ဆီးရီးယားနိုင်ငံမှာ ဘယ်လိုမစ်ဇိုင်းဒုံးမျိုးကိုမဆို ရုရှားတပ်ဖွဲ့တွေ အနေနဲ့ ကြားဖြတ်ဟန့်တားပစ်ခတ်နိုင်စွမ်းရှိကြောင်း လက်ဘနွန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက ပြောဆိုခဲ့ပြီး နောက်မှာပဲ အမေရိကန် မစ်ဇိုင်းဒုံးတွေ လာတော့မှာဖြစ်တဲ့အတွက် ရုရှားအနေနဲ့ အသင့်ပြင်ထားဖို့ သမ္မတ Donald Trump က ဒီနေ့ပဲ သတိပေးလိုက်ပါတယ်။

ကိုယ့်လူထုကို အဆိပ်ဓာတ်ငွေ့သုံး သတ်ဖြတ်နေတဲ့ လူမဆန်သူတွေနဲ့ အပေါင်းအသင်း မလုပ်သင့်ဘူးလို့လည်း သမ္မတ Trump က Twitter လူမှုကွန်ယက်ကနေ ပြောဆိုလိုက်တာပါ။ ရုရှားကတော့ အမေရိကန် မစ်ဇိုင်းဒုံးတွေဟာ ဆီးရီးယားနိုင်ငံက တရားဝင်အစိုးရကို ပစ်မှတ်ထားမယ့်အစား၊ အကြမ်းဖက်ဝါဒီတွေကို ပစ်မှတ်ထားရမှာဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov ကလည်း ဒေသတွင်း တည်ငြိမ်မှုကို မထိခိုက်အောင် သက်ဆိုင်သူတွေ အားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ ဒီနေ့ပဲ ပြောဆိုလိုက်ပါတယ်။ အမေရိကန်က မစ်ဇိုင်းဒုံးတွေသုံးမယ့် အစီအစဉ်ဟာ အဆင်အခြင်မဲ့တဲ့ လုပ်ရပ်အဖြစ်နဲ့လည်း ဆီးရီးယားအစိုးရပိုင် သတင်းက ပြောဆိုခဲ့တာပါ။ Ghouta အရှေ့ပိုင်းမှာ ဓာတုလက်နက် အသုံးပြုခဲ့တယ်လို့ သံသယရှိတဲ့ တိုက်ခိုက်မှုကြောင့် စနေနေ့က လူ ၄၀ ထက်မနည်း သေဆုံးခဲ့ပြီးနောက် ဆီးရီးယားမှာ တင်းမာမှုတွေ ကြီးထွားလာနေတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ မဟာမိတ်တွေ တော်တော်များများကတော့ တိုက်ခိုက်မှုမှာ တာဝန်ရှိသူအဖြစ် ဆီးရီးယား အစိုးရတပ်တွေအပေါ် တုံ့ပြန်အရေးယူဖို့ အာရုံစိုက်နေကြတာပါ။ ဆီးရီးယားသမ္မတ Bashar al-Assad အစိုးရရဲ့ တပ်ဖွဲ့တွေက ဓာတုလက်နက် အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ဆိုတဲ့ စွပ်စွဲချက်ကိုတော့ ဆီးရီးယားအစိုးရကရော၊ ရုရှားအစိုးရကပါ ငြင်းဆန်ထားပါတယ်။

သမ္မတ Trump ကတော့ တိုက်ခိုက်မှုအတွက် တာဝန်ရှိသူတွေအနေနဲ့ တန်ဘိုးကြီးကြီး ပေးဆပ်ရမှာ ဖြစ်ကြောင်း အစောပိုင်းမှာပဲ သတိပေးထားသလို၊ ဖြစ်နိုင်ချေရှိတဲ့ တုံ့ပြန်မှုတွေအတွက် ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံ ခေါင်းဆောင်တွေနဲ့လည်း ဆွေးနွေးခဲ့ပါတယ်။ ပြင်သစ်သမ္မတ Emmanuel Macron ကတော့ မကြာသေးခင် ရက်တွေအတွင်း ဆုံးဖြတ်ချက် ထွက်ပေါ်လာမှာ ဖြစ်ကြောင်းနဲ့ လေကြောင်း စစ်ဆင်ရေးတွေမှာ ဆီးရီးယားအစိုးရရဲ့ ဓာတုလက်နက် စက်ရုံတွေကို ပစ်မှတ်ထားသွားမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop ကလည်း စနစ်တကျ၊ တွက်ချက်ပြီး ပစ်မှတ်ထား တိုက်ခိုက်မယ့် လုပ်ရပ်တွေကို ထောက်ခံသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG