သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားတွေ တူရကီဘက် ထွက်ပြေး


ဆီးရီးယားတွေ တူရကီဘက် ထွက်ပြေး

တူရကီနယ်စပ်ကို ဖြတ်ပြီး ၀င်လာကြတဲ့ ဆီးရီးယား နိုင်ငံသား အရေအတွက်က ၂,၄၀၀ အထိ ရှိသွားပြီလို့ တူရကီ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ တူရကီက နယ်စပ်မှာ စခန်းတွေကို ဖွင့်ပေးထားတာပါ။

အစိုးရက အရေးယူ တုံ့ပြန်လာမှာကို ကြောက်လန့်ပြီး ဆီးရီးယား လူမျိုးတွေဟာ မြောက်ပိုင်းနယ်စပ်ကို ဖြတ်ပြီး ထွက်ပြေးနေကြပါတယ်လို့ အာမက် ဒါဗူတိုးဂ်လူ (Ahmet Davutoglu) က ကြာသပတေးနေ့က ပြောပါတယ်။

အစိုးရအပေါ် ဆန္ဒပြကြသူတွေကို ဆီးရီးယား သမ္မတ ဘာရှား အယ်လ် အာဆတ် (Bashar al-Assad) က ရက်သတ္တပတ်ပေါင်း များစွာ ဆက်တိုက် ချေမှုန်းနေတာကြောင့် ဒုက္ခသည်တွေက လွတ်ရာ ထွက်ပြေးနေကြတာပါ။

သေနတ်သမားတွေက အ၀တ်နက် မျက်နှာဖုံးတပ်ပြီး ဆန္ဒပြသူတွေကို ကြိုသတိမပေးဘဲ ပစ်ခတ်ခဲ့ကြတယ်လို့ တချို့က ပြောပါတယ်။

လက်နက်ကိုင်ထားတဲ့ လူဆိုးဂိုဏ်းတွေက လုံခြုံရေး တပ်သားပေါင်း ၁၂၀ ကို နယ်စပ်ဒေသတွေမှာ သတ်ဖြတ်ခဲ့ကြတယ်လို့ ဆီးရီးယား အစိုးရက စွပ်စွဲလိုက်ပြီး ပြတ်ပြတ်သားသား အရေးယူမယ်လို့ ပြောလိုက်ပါတယ်။

မြောက်ပိုင်းက အခိုင်အမာ ယူထားပြီး နေရာတွေဆီကို ဆီးရီးယားတပ်တွေ လှုပ်ရှား အားဖြည့်နေတယ်လို့ မီဒီယာ သတင်းတွေက ဆိုပါတယ်။

ဒီအချိန်မှာပဲ ယီမင်နိုင်ငံမှာ သောကြာနေ့ ဆန္ဒပြပွဲတွေလုပ်ဖို့ ပြင်ဆင်နေပါတယ်။ ဆော်ဒီ စစ်ဆေးရုံရဲ့ အသည်းအသန် လူနာခန်းကနေ ယီမင်သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး (Ali Abdullah Saleh) အပြင်ရောက်လာပြီလို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပြီးတဲ့နောက် ဆန္ဒပြဖို့ ပြင်ဆင်ကြတာပါ။

မစ္စတာ ဆာလေးရဲ့ အခြေအနေက တည်ငြိမ်လာပြီး လာမယ့်ရက်တွေမှာ သူ့ကို ပြန်ကြည့်ကောင်းစေမယ့် ခွဲစိတ်ကုသမှုတွေ လုပ်ဖို့ ရှိတယ်လို့ ဆော်ဒီနဲ့ ယီမင် တာဝန်ရှိသူတွေက ပြောကြပါတယ်။ ပြီးခဲ့တဲ့အပတ်က သူ့အိမ်ဝင်း တိုက်ခိုက်ခံရတဲ့အခါ ဒဏ်ရာရရှိပြီး ဆော်ဒီအာရေဗျမှာ မစ္စတာ ဆာလေး ဆေးကုနေရတာ ဖြစ်ပါတယ်။

XS
SM
MD
LG