ဆီးရီးယားနိုင်ငံ Homs မြို့မှာ အစိုးရတပ်ဖွဲ့တွေရဲ့ ဆက်လက် တိုက်ခိုက်မှုတွေကြောင့် အရပ်သားပေါင်း ဒါဇင်နဲ့ချီ သေဆုံးတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ တချိန်တည်းမှာပဲ အိမ်နီးချင်း တူရကီနိုင်ငံကတော့ ဒေသတွင်း နိုင်ငံတွေနဲ့ ကမ္ဘာ့အင်အားကြီး တိုင်းပြည်တွေ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အစီအစဉ်တရပ်ကို အမြန်ဆုံး ရေးဆွဲနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ပြောလိုက်ပါတယ်။
ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အကဲခတ် အဖွဲ့ကတော့ စစ်တပ်က သံချပ်ကာ ကားတွေ၊ ရော့ကက်နဲ့ မော်တာအမြောက်တွေ အသုံးပြုပြီး Homs မြို့မှာ ဗုဒ္ဓဟူးနေ့က နှိမ်နင်းရာက လူ ၅၀ ထက်မနည်း သေဆုံးပြီး၊ သူပုန်တွေရှိရာ နယ်မြေ အတော်များများက အဆောက်အဦး ၂၀ လောက် ထိခိုက် ပျက်စီးခဲ့ရတယ်လို့ ပြောဆိုခဲ့တာပါ။ Homs မြို့မှာ ၅ ရက် ဆက်တိုက် အပြင်းအထန် ထိုးစစ်ဆင်ရာမှာ လူပေါင်း ရာချီ သေဆုံးခဲ့ရကြောင်းလည်း တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။
လွတ်လပ်တဲ့ မီဒီယာတွေကို အစိုးရက ခွင့်မပြုတဲ့အတွက် ထိခိုက်သေဆုံးမှု ကိန်းဂဏန်း အတိအကျကိုတော့ အတည်ပြုလို့ မရပါဘူး။ မြောက်ပိုင်း Idlib ပြည်နယ်၊ သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒမတ်စကတ်မြို့တော်အနီး Zabadani နဲ့ တောင်ပိုင်း Daraa ပြည်နယ်တွေက အစိုးရနဲ့ စစ်တပ်က ဘက်ပြောင်း လာသူတွေကြား အပြင်းအထန် တိုက်ခိုက်မှုတွေကိုလည်း တက်ကြွသူတွေက မှတ်တမ်း တင်ခဲ့ကြတာပါ။
ဒီအတောအတွင်း ဆီးရီးယား လူထုကို အားပေးကြောင်းနဲ့ အတိုက်အခံတွေအပေါ် ၁၁ လကြာ နှိမ်နင်းနေတဲ့ သမ္မတ Bashar al-Assad အစိုးရကို သတင်းစကားပါးနိုင်မယ့် နိုင်ငံတကာ ညီလာခံတခု ကျင်းပဖို့ ပြင်ဆင်နေကြောင်း တူရကီ နိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu ကပြောလိုက်ပါတယ်။