သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား-တူရကီနယ်စပ် ဒုံးခွင်းဒုံးမထားဖို့ ရုရှားသတိပေး


NATO's Patriot surface-to-air missiles
NATO's Patriot surface-to-air missiles
ဆီးရီးယားနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တူရကီဘက်အခြမ်းမှာ Patriot ဒုံးခွင်းဒုံးတွေ မချဖို့ နေတိုးအဖွဲ့ကို ရုရှားက သတိပေးလိုက်ပါတယ်။ အဲဒီ ဒုန်းကျည်တွေချထားဖို့ အနောက်အုပ်စု မဟာမိတ်တပ်ဖွဲ့အပေါ် တူရကီရဲ့ တောင်းဆိုမှုဟာ ဒေသတွင်း တည်ငြိမ်ရေးကို အထောက်အကူ ဖြစ်စေမှာ မဟုတ်ဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Alexander Lukashevich က ကြာသပတေးနေ့မှာ သတိပေး ပြောလိုက်တာပါ။

ဆီးရီးယားနိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်က မိုင် ၅၆၀ လောက်ရှည်လျားတဲ့ တူရကီ နယ်စပ်ကို ကူးစက်လာမယ့်အရေးက ဟန့်တားနိုင်အောင် ဒုံးကျည်တွေ ချထားဖို့ တူူရကီရဲ့တောင်းဆိုမှုကို နေတိုးတပ်ဖွဲ့က တူရကီအရာရှိတွေနဲ့ အရင်ဆွေးနွေးခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာတော့ နေတိုးအရာရှိတွေ ဒီကိစ္စကို ဆွေးနွေးခဲ့ကြတာပါ။

ဒုံးကျည်တွေ ချထားခြင်းအားဖြင့် အရှေ့တောင်ပိုင်းမှာ ရှိနေတဲ့ နေတိုးမဟာမိတ်အဖွဲ့ဝင် တူရကီနိုင်ငံရဲ့ လေကြောင်း ကာကွယ်ရေးကို အထောက်အကူဖြစ်စေမယ် လို့ နေတိုးအတွင်းရေးမှူးချုပ် Anders Fogh Rasmussen က ပြောပါတယ်။

သူတို့ကို အဲဒီ အဆင့်မြင့် Patriot ဒုံးခွင်းဒုံးတွေ နေတိုးကပေးဖို့ သဘောတူထားတယ်လို့ တူရကီက အင်္ဂါနေ့က ပြောပါတယ်။ တကယ်တော့ အမေရိကန်၊ နယ်သာလန်နဲ့ ဂျာမနီနိုင်ငံတို့သာ အဲဒီ ဒုံးခွင်းဒုံးပိုင်ဆိုင်ကြတာပါ။ တူရကီရဲ့ တောင်းဆိုမှုကို လိုက်လျောပေးဖို့ သူတို့ရဲ့ နေတိုးဆိုင်ရာ သံအမတ်ကို ညွန်ကြားထားတယ်လို့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Guido Westerwelle က ပြောပါတယ်။

ဆီးရီးယားသမ္မတ Bashar al-Assad အစိုးရကို ဆန့်ကျင်တဲ့ တော်လှန်ရေး အင်အားစုတွေကို အစိုးရတပ်တွေက လိုက်လံ တိုက်ခိုက်နေတာမှာ တူရကီဘက်အခြမ်းက ကျေးရွာတွေကိုပါ အမြောက်တွေ ထိမှန်နေတာ ဖြစ်ပါတယ်။
XS
SM
MD
LG