သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားကို ပြင်းထန်စွာ အရေးယူဖို့ ဘန်ကီမွန်း တိုက်တွန်း


ဆီးရီးယားကို ပြင်းထန်စွာ အရေးယူဖို့ ဘန်ကီမွန်း တိုက်တွန်း
ဆီးရီးယားကို ပြင်းထန်စွာ အရေးယူဖို့ ဘန်ကီမွန်း တိုက်တွန်း

ဆီးရီးယားနိုင်ငံအပေါ် ပြင်းပြင်းထန်ထန် အရေးယူဖို့ လုံခြုံရေး ကောင်စီကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။ ဆီးရီးယား နိုင်ငံမှာ အတိုက်အခံ အုံကြွမှုအပေါ် နှိမ်နင်းနေတဲ့အတွက် သေကြေ ထိခိုက်ကြရတာက လက်မခံနိုင်လောက်တဲ့ အဆင့်ကို ရောက်နေပြီလို့ သူက ပြောပါတယ်။

အဘူဒါဘီမှာ တနင်္လာနေ့က ပြောကြားရာမှာ ဆီးရီးယား အကျပ်အတည်းကို ဖြေရှင်းတဲ့အခါ အဆက်အစပ်ရှိရှိ လုပ်ဆောင်ကြဖို့ သူက လုံခြုံရေးကောင်စီကို မေတ္တာရပ်ခံလိုက်တာပါ။ ဆီရီးယား အစိုးရရဲ့ အကြမ်းဖက် ဖိနှိပ်မှုတွေကို ရှုတ်ချဖို့ အနောက်နိုင်ငံတွေက လုံခြုံရေး ကောင်စီကို တွန်းနေပေမဲ့ ရုရှားနဲ့ တရုတ်တို့က ကန့်ကွက်နေခဲ့ကြပါတယ်။
ရုရှားဟာ ဆီးရီးယား သမ္မတ ဘက်ရှာ အယ်လ်အာဆဒ်ရဲ့ စစ်မဟာမိတ် ဖြစ်ပြီး လုံခြုံရေး ကောင်စီက အရေးယူတဲ့အခါ အာဆဒ် အစိုးရကိုသာမက အတိုက်အခံကိုပါ ဦးတည် ပြောကြားသင့်တယ်လို့ ရုရှားက ဆိုပါတယ်။

မစ္စတာ အာဆဒ်နဲ့ ဆွေးနွေးနေတဲ့ အတွက်ကြောင့်ရော အကဲခတ်အဖွဲ့တွေ စေလွှတ်တဲ့ အတွက်ပါ အာရပ်နိုင်ငံများ အဖွဲ့ချုပ်ကို မစ္စတာ ဘန်ကီမွန်းက ချီးကျူး ပြောဆိုလိုက်ပါတယ်။ ဒီအလုပ်တွေကို အာရပ်နိုင်ငံများ အဖွဲ့ချုပ်က ဆက်လုပ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက အကဲခတ် အဖွဲ့တွေကို လေ့ကျင့်ပေးရအောင် ကိုင်ရိုမြို့ ကို သွားကြလိမ့်မယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Eduardo del Buey က ဗွီအိုအေကို တနင်္လာနေ့က ပြောပါတယ်။
ရုရှား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး M.L. Bogdanov ဟာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး William Burns နဲ့ တနင်္လာနေ့က မော်စကိုမှာ ဆွေးနွေးခဲ့ကြပါတယ်။ ဆီရီးယားရဲ့ အချုပ်အခြာ အာဏာကို တခြား နိုင်ငံတွေက လေးစားဖို့ လိုအပ်တယ်လို့ Bogdanov က အထူးပြုပြောဆိုပြီး သူတို့ အကျပ်အတည်းကို ဆီးရီးယား ပြည်သူတွေ ကိုယ်တိုင် ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်အောင် ကူညီရမယ်လို့ ဆိုပါတယ်။

XS
SM
MD
LG