သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး ဗီတိုအာဏာသုံးမှု နိုင်ငံတကာ မကျေနပ်


ဆီးရီးယားအရေး ဗီတိုအာဏာသုံးမှု နိုင်ငံတကာ မကျေနပ်
ဆီးရီးယားအရေး ဗီတိုအာဏာသုံးမှု နိုင်ငံတကာ မကျေနပ်

ဆီးရီးယား နိုင်ငံသားတွေအပေါ်မှာ တစ်နှစ်နီးပါးလောက် အကြမ်းဖက် နှိပ်ကွပ်နေတဲ့ သမ္မတ ဘက်ရှာအယ်လ်အာဆဒ် (Bashar al-Assad) ကို ပြစ်တင် ရှုတ်ချထားတဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ရုရှားနဲ့ တရုတ်နိုင်ငံတို့က စနေ့နေ့က ဗီတိုအာဏာသုံး ပယ်ချလိုက်ပြီး သူ ရာထူးကဆင်းပေးဖို့ တောင်းဆိုသွားတာကြောင့် နိုင်ငံတကာက ဒေါသထွက်နေကြပါတယ်။ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံက စနေနေ့က မဲခွဲ ဆုံးဖြတ်ခဲ့ကြတာမှာ အမေရိကန်ပြည်ထောင်စု၊ ဂျာမဏီနဲ့ ပြင်သစ် အပါအဝင် ကျန်တဲ့ အဖွဲ့ဝင် ၁၃ နိုင်ငံကတော့ ထောက်ခံမဲ ထည့်ခဲ့ကြပါတယ်။ ဒီလို လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် မချနိုင်တဲ့အပေါ် အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြစ်တင် ရှုတ်ချလိုက်ပြီး ဆီးရီးယား ပဋိပက္ခ အဆုံးသတ်နိုင်အောင် တညီတညွတ်တည်း ဝိုင်းဝန်း လုပ်ဆောင်နိုင်မယ့် အခွင့်အရေး လုံခြုံရေးကောင်စီ အနေနဲ့ ဆုံးရှုံးသွားပြီလို့ သူက ပြောပါတယ်။

တူနီးရှား ဝန်ကြီးချုပ်က သူ့နိုင်ငံအနေနဲ့ ဆီးရီးယားနဲ့ ဆက်ဆံမှု ဖြတ်တောက်မယ်လို့ ဒီကနေ့ပဲ ပြောသွားပါတယ်။ ဒါ့အပြင် ဆီးရီးယား သံအမတ်ကြီးကို တူနီးရှားနိုင်ငံက နှင်ထုတ်ပြီး တခြား အာရပ်နိုင်ငံတွေလည်း အလားတူ လုပ်ဆောင်ကြဖို့ တူနီးရှား ဝန်ကြီးချုပ် ဟာမာဒီ ဂျီဘာလီ ဂျာမဏီ နိုင်ငံ မြူးနစ်မြို့က နှစ်ပတ်လည် လုံခြုံရေဆိုင်ရာ ညီလာခံမှာ ပြောကြားသွားပါတယ်။

အမေရိကန်သံအမတ်ကြီး ဆူဇန်ရိုက်စ် (Susan Rice) ကတော့ ရုရှားနဲ့ တရုတ်ရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်တို့အနေနဲ့ စက်ဆုပ်ရွံ့ရှာမိကြောင်း ပြောပြီး ဆီးရီးယား ကိစ္စကို လက်လျှော့မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ကုလသမဂ္ဂ ဆိုင်ရာ ဗြိတိသျှသံအမတ် မာ့ခ်လင်းဂရန့်တ် (Mark Lyall Grant) ကလည်း ရုရှား နဲ့ တရုတ်ဟာ အာဏာရှင်ကိုထောက်ခံဖို့ အာရပ်ကမ္ဘာကို ဥပက္ခာပြုထားတယ်လို့ ပြောပါတယ်။

ရုရှား နိုင်ငံကတော့ သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် ကာကွယ်ပြောဆိုသွားပြီး လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေက ဆီးရီးယားမှာ အစိုးရအဖွဲ့ပြောင်းပစ်ဖို့ ပြောနေတာ၊ အတိုက်အခံတွေ အာဏာရအောင် အားပေးနေတာ၊ လက်နက်ကိုင် တော်လှန်ရေးအတွက် နည်းပေးနေတာတွေကို လုပ်ဆောင်ပြီး နိုင်ငံရေးအရ အဖြေရှာနိုင်မယ့် အခွင့်အရေးကို ထိခိုက်အောင် လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG