သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားမြို့တော် ဓာတုလက်နက်အသုံးပြုမှု စွပ်စွဲချက် ကုလစစ်ဆေးမည်


ဆေးရုံကို ရောက်လာတဲံ ဆီးရီးယား ဓာတုဆိပ်သင့်သူတချို့။ (မတ်လ ၁၉ ရက်၊ ၂၀၁၃)
ဆေးရုံကို ရောက်လာတဲံ ဆီးရီးယား ဓာတုဆိပ်သင့်သူတချို့။ (မတ်လ ၁၉ ရက်၊ ၂၀၁၃)
ဆီးရီးယားနိုင်ငံ Damascus မြို့တော်နားမှာ တနင်္လာနေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း ဓာတုလက်နက်တွေ သုံးခဲ့တယ်လို့ သံသယရှိတာမို့ အဲဒီတိုက်ခိုက်မှု ဖြစ်ပွားတဲ့နေရာမှာ ကုလသမဂ္ဂ စစ်ဆေးရေးမှူးတွေ စတင်စစ်ဆေးဖို့ လုပ်နေပြီလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။

သြဂုတ်လ ၂၁ ရက်နေ့က အဲဒီနေရာမှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့တာကို ကုလသမဂ္ဂ အဖွဲ့စုံစမ်း စစ်ဆေးဖို့အတွက် လိုအပ်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပေးမယ် လို့လည်း ဆီးရီးယားအစိုးရက သဘောတူကြောင်း အတွင်းရေးမှူးချုပ် ရုံး ပြောခွင့်ရက တနင်္ဂနွေနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆို ပါတယ်။ ပူးပေါင်းဆောင်ရွက်မယ့်အထဲမှာ အဲဒီ Damascus ဆင်ခြေဖုံး Ghouta ဒေသတဝိုက် သူပုန်တွေ ခြေကုပ်ယူထားတဲ့ နေရာကို ပစ်ခတ်မှုတွေ ရပ်ဆိုင်းထားဖို့ပါ ပါဝင်တယ်လို့ မစ္စတာဘန်ကီမွန်းက ပြောပါတယ်။

အခုလို ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူတွေကို တိုက်ခိုက်မှု ဖြစ်ပွားရာနေရာကို ဆီးရီးယား အစိုးရက သွားရောက်ခွင့်ပေးခဲ့ပေမဲ့ ဆီးရီးယားအပေါ် ယုံကြည်မှုရှိလာအောင်လုပ်တဲ့ ဒီလုပ်ရပ်ဟာ သိပ်ကို နောက်ကျနေပြီ လို့ အမေရိကန်အစိုးရအဖွဲ့ အကြီးတန်း အရာရှိတဦးက ပြောဆိုခဲ့ပါတယ်။ ဆီးရီးယား သမ္မတ Bashar al-Assad ကို သစ္စာခံသူတွေက အရပ်သားတွေကို ဓာတုလက်နက်သုံး တိုက်ခိုက်တယ်ဆိုတဲ့ သံသယကို မဖျက်နိုင်ဘူးလို့ ဆိုပါတယ်။

ဆီးရီးယားအစိုးရကတော့ တိုက်ခိုက်မှုဖြစ်ပွားတဲ့နေရာကို ကုလသမဂ္ဂအဖွဲ့ သွားရောက်နိုင်ဖို့ နိုင်ငံတွင်း လာရောက်နေတဲ့ ကုလသမဂ္ဂ လက်နက် ဖျက်သိမ်းရေး သံတမန် Angela Kane နဲ့ လက်တွဲ လုပ်ဆောင်မယ်လို့ ကတိပေးပါတယ်။ ဒါ့အပြင် အစိုးရဘက်က ဓာတုလက်နက် သုံး တိုက်ခိုက်မှုမလုပ်ဘဲ သူပုန်တွေဘက်ကသာ ဒီလိုလက်နက်တွေ အသုံးပြုတယ်လို့ စွပ်စွဲပါတယ်။

ဆွီဒင်သိပ္ပံပညာရှင်ဖြစ်တဲ့ ကုလသမဂ္ဂ စစ်ဆေးရေးမှူး Ake Sellstrom ဦးဆောင်တဲ့ အဖွဲ့ဟာ ဆီးရီးယားပြည်တွင်းစစ်ပွဲတွေ အတွင်း ဓာတုလက်နက်သုံး တိုက်ခိုက်မှု ရှိမရှိ စုံစမ်းဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ စပြီး ဆီးရီးယားနိုင်ငံ Damascus ကို ရောက်နေတာဖြစ်ပါတယ်။
XS
SM
MD
LG