ရုရှားနဲ့အမေရိကန်တို့ စေ့စပ်ညှိနှိုင်းရယူခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ဒီကနေ့ စတင်အသက်ဝင်မယ့်အချိန် မတိုင်ခင် နာရီပိုင်းအလိုမှာ ဆီးရီးယား အစိုးရ စစ်လေယာဉ်တွေက Aleppo မြို့တ၀ိုက်နဲ့ တခြား ဒေသတွေမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အပစ်အခတ် ရပ်စဲရေးကို အစကတည်းက အကြီးအကျယ်သံသယရှိနေတဲ့ သူပုန်ခေါင်းဆောင်တွေကြား အမျက်ဒေါသနဲ့အတူ အဆိုးမြင်မှုတွေလည်း တိုးလာနေပါတယ်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ သမ္မတ Bashar al-Assad အစိုးရကို ပိုပြီး အားကောင်းစေရုံ သက်သက်ပဲ ဖြစ်လိမ့်မယ်လို့ သူပုန်ခေါင်းဆောင်တွေက ပြောပါတယ်။ မူစလင်တို့ရဲ့ အားလပ်ရက် Eid al-Adha ပွဲတော်ရက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဒီကနေ့ နေ၀င်ချိန်မှာစတင်မယ့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုက ရှင်းလင်းချက် ထုတ်ပြန်ပေးဖို့နဲ့ တခြား တောင်းဆိုချက်တချို့ကိုလည်း ဆီးရီးယားအတိုက်အခံ လက်နက်ကိုင်အဖွဲ့က တောင်းဆိုထားပါတယ်။ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်နဲ့ပတ်သက်လို့ သူပုန်ခေါင်းဆောင်တချို့က ဝေဖန်ကြပေမဲ့ ဒါကို လက်မခံဘူးလို့တော့ သူတို့က မပြောကြပါဘူး။အရင်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အများစုမှာလိုပဲ ဒီတကြိမ် သဘောတူညီချက်ဟာလည်း ပထမ ၄၈ နာရီကြာ ရပ်စဲမှုနဲ့ စတင်မှာဖြစ်ပါတယ်။
အချိန်ကာလ ထပ်တိုးနိုင်ပြီး သီတင်းတပတ်ကြာ အထိ ဆက်ထိန်းထားနိုင်မယ်ဆိုရင်တော့ အမေရိကန်နဲ့ ရုရှားတို့က စစ်သွေးကြွအဖွဲ့ Nusra တပ်ဦးကိုရော IS အဖွဲ့ဝင်တွေကိုပါ ပူးတွဲ ထိုးစစ်ဆင်သွားမှာ ဖြစ်ပါတယ်။ အခုနောက်ဆုံး သဘောတူညီချက်ကနေ ငါးနှစ်ကြာ ဆီးရီးယားပြည်တွင်းစစ်ကြောင့် Aleppo မြို့လိုနေရာတွေမှာ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသူတွေ အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေ ပေးသွားနိုင်ဖို့ ဖြစ်ပါတယ်။ ဆီးရီးယားမှာ ပြည်တွင်းစစ်ကြောင့် လူတွေ ထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး ဖြစ်သလို့ လူပေါင်း ၁၁ သန်း အိုးအိမ်မဲ့နေရတာဖြစ်ပါတယ်။