သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားစစ်တပ် ပစ်ခတ်လို့ ဆန္ဒပြသူ ၁၈ ဦး သေဆုံး


ဆီးရီးယားစစ်တပ် ပစ်ခတ်လို့ ဆန္ဒပြသူ ၁၈ ဦး သေဆုံး

တနင်္လာနေ့က ဒါရား (Daraa) မြို့မှာ ဆန္ဒပြ ပြည်သူတွေကို ဆီးရီးယား လက်နက်ကိုင်နဲ့ တင့်ကား တပ်ဖွဲ့တွေက အင်အားသုံး ချေမှုန်းခဲ့တဲ့အတွက် အနည်းဆုံး ပြည်သူ ၁၈ ယောက် သေဆုံးပြီး နိုင်ငံတကာက ဆီးရီးယား အစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချ ပြစ်တင်ကြပါတယ်။

မျက်မြင်သက်သေတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက တောင်ပိုင်း ဆီးရီးယားမှာ ပြည်သူတွေ သေဆုံးရမှုကို သတင်းတွေ ဖော်ပြပြီး ဆီးရီးယား အစိုးရဟာ သီတင်း ၅ ပတ်ကြာ လူထုအုံကြွမှု အပေါ်မှာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြိုခွင်း နှိပ်ကွပ်မှုတွေ လုပ်ခဲ့တယ်လို့ ပြောဆိုကြပါတယ်။

အစိုးရပိုင် သတင်းမီဒီယာကတော့ ပြည်သူတွေကို ကူညီဖို့ ဒါရားမြို့မှာ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို ချထားတာ ဖြစ်တယ်လို့ ပြောပေမဲ့ မျက်မြင် သက်သေတွေကတော့ ဆီးရီးယားတပ်တွေ တိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့ အလောင်းတွေ ကားပေါ်မှာ မြင်ရကြောင်းနဲ့ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ ဗွီဒီယို သတင်းမှတ်တမ်းတွေကလည်း စစ်သား ဒါဇင်ပေါင်းများစွာ တင့်ကားတွေနဲ့ ဒါရားမြို့တ၀ိုက် လှည့်လည်နေပုံတွေကို ဖော်ပြခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နာဗီ ပီလေး (Navi Pillay) က သတ်ဖြတ်မှုတွေကို စုံစမ်း စစ်ဆေးပေးဖို့ တောင်းဆိုလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုကလည်း ဒီကိစ္စကို ပြစ်တင် ရှုတ်ချပြီး ပစ်မှတ်ထား ပိတ်ဆို့တားမြစ်မှု အပါအ၀င် ဆီးရီးယားနိုင်ငံရဲ့ လက်ခံနိုင်စရာ မရှိတဲ့ လုပ်ရပ်အပေါ်မှာ တုံ့ပြန်ဖို့ စဉ်းစားနေတယ်လို့ အမျိုးသား လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့် ရှိသူက ပြောလိုက်ပါတယ်။

XS
SM
MD
LG