သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားဆိုင်ရာ ကုလဆုံးဖြတ်ချက် တရုတ်၊ ရုရှား ဗီတိုသုံး ပယ်ချ


ဆီးရီးယားဆိုင်ရာ ကုလဆုံးဖြတ်ချက် တရုတ်၊ ရုရှား ဗီတိုသုံး ပယ်ချ
ဆီးရီးယားဆိုင်ရာ ကုလဆုံးဖြတ်ချက် တရုတ်၊ ရုရှား ဗီတိုသုံး ပယ်ချ

ဆီးရီးယား နိုင်ငံသားတွေအပေါ် တနှစ်နီးပါးလောက် အကြမ်းဖက် နှိပ်ကွပ်နေတဲ့ သမ္မတ ဘက်ရှာအယ်လ်အာဆဒ် (Bashar al-Assad) ကို ပြစ်တင် ရှုတ်ချထားတဲ့ လုံခြုံရေးကောင်စီရဲ့ အဆိုပြုချက်ကို ရုရှားနဲ့ တရုတ်နိုင်ငံတို့က ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်ကြပြန်ပါပြီ။

ဆီးရီးယားနိုင်ငံအတွင်းက အကြမ်းဖက်မှုတွေကို ပြစ်တင် ရှုတ်ချထားပြီး သမ္မတ အာဆဒ် ရာထူးက ဆင်းပေးဖို့ တောင်းဆိုထားတဲ့ အနောက်အုပ်စုနဲ့ အာရပ်နိုင်ငံတွေရဲ့ အဲဒီ အဆိုပြုချက်ကို လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံက စနေနေ့က မဲခွဲ ဆုံးဖြတ်ခဲ့ကြတာမှာ အမေရိကန်ပြည်ထောင်စု၊ ဂျာမဏီနဲ့ ပြင်သစ် အပါအဝင် ၁၃ နိုင်ငံက ထောက်ခံခဲ့ကြပါတယ်။

သမ္မတ အာဆဒ် အစိုးရက သွေးထွက်သံယိုမှု အများဆုံး အကြမ်းဖက် တိုက်ခိုက်မှု ထပ်မံ ပြုလုပ်ပြီးနောက်မှာ လုံခြုံရေးကောင်စီမှာ မဲခွဲ ဆုံးဖြတ်ကြတာပါ။ ဆီးရီးယား လုံခြုံရေးတပ်ဖွဲ့တွေက စနေနေ့ အစောပိုင်းမှာ ဟုမ်းစ် မြို့ကို အမြောက်တွေ၊ မော်တာတွေနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၂၀၀ လောက် သေဆုံးခဲ့ပါတယ်။

လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် မချနိုင်တဲ့အပေါ် အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြစ်တင် ရှုတ်ချလိုက်ပြီး ဆီးရီးယား ပဋိပက္ခ အဆုံးသတ်နိုင်အောင် တညီတညွတ်တည်း ဝိုင်းဝန်း လုပ်ဆောင်နိုင်မယ့် အခွင့်အရေး လုံခြုံရေးကောင်စီ အနေနဲ့ ဆုံးရှုံးသွားပြီလို့ သူက ပြောပါတယ်။ ဆီးရီးယားနိုင်ငံနဲ့ ဆိုင်တဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက် မချနိုင်တာဟာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို သေးသိမ်သွားစေတဲ့ အကြောင်းနဲ့ သမ္မတ အာဆဒ် အစိုးရအနေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက် နှိပ်ကွပ်နေတာတွေ ရပ်တန့်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တောင်းဆိုလိုက်ပါတယ်။

သမ္မတ အာဆဒ်အစိုးရရဲ့ လူမဆန်စွာ အကြမ်းဖက် နှိပ်ကွပ်မှုတွေကို ဆန့်ကျင်ပြီး လုံခြုံရေးကောင်စီအနေနဲ့ ရပ်တည်ဖို့ အမေရိကန်သမ္မတ ဘရက်အိုဘားမားက တောင်းဆိုပြီး နာရီပိုင်းအကြာမှာပဲ ရုရှားနဲ့ တရုတ်နိုင်ငံတို့က လုံခြုံရေးကောင်စီမှာ အခုလို ဗီတိုအာဏာသုံး ပယ်ချလိုက်ကြတာပါ။

ဆီးရီးယား အစိုးရဟာ ပြည်သူတွေကို အကြင်နာကင်းမဲ့စွာ ရက်ရက်စက်စက် သတ်ဖြတ်နေတာတွေအပေါ် သမ္မတ အိုဘားမားက အပြင်းထန်ဆုံး စကားလုံးတွေသုံးပြီး ဝေဖန် ရှုတ်ချထားတာပါ။

XS
SM
MD
LG