ဆီးရီးယားနိုင်ငံမှာ နှစ်ပေါက်အောင် ဖြစ်ပွားနေတဲ့ အရေးအခင်း အဆုံးသတ်ရေးအတွက် သဘောတူညီမှု တစုံတရာ မရရှိသေးဘဲ ကုလသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ်ရဲ့ ငြိမ်းချမ်းရေး သံတမန် မစ္စတာ ကိုဖီအာနန်ဟာ ဒမက်စကတ်မြို့တော်ကနေ ပြန်လည် ထွက်ခွာသွားပါပြီ။ တချိန်တည်းမှာပဲ မစ္စတာ ဘက်ရှာ အယ်လ်အာဆဒ် ရဲ့ တပ်ဖွဲ့တွေက အတိုက်အခံတွေရှိတဲ့ နေရာကို တိုက်ခိုက်နေသလို နိုင်ငံအနှံ့မှာလည်း သူပုန်တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
တနင်္ဂနွေနေ့ ဆီးရီးယား နိုင်ငံကနေ မထွက်ခွာခင် သူ့အနေနဲ့ ဆီးရီးယား အရာရှိတွေကို အဆိုပြုချက်တွေ အများကြီး တင်ပြခဲ့ပြီး အကောင်းဘက်က ရှုမြင်ထားတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဖြစ်တဲ့ မစ္စတာ အာနန်က ပြောပါတယ်။
ဆီးရီးယားနိုင်ငံအတွင်း လူတွေကို သတ်ဖြတ်နေတာတွေ ချက်ချင်းရပ်တန့်ပေးဖို့နဲ့ အတိုက်အခံတွေအပေါ် အသေအကြေ အကြမ်းဖက် ဖြိုခွဲနေတာတွေကို နိုင်ငံရေးနည်းအရ အဖြေရှာမှုတရပ်အနေနဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ မစ္စတာအာနန်က တောင်းဆိုခဲ့ပါတယ်။ အာဖရိကန် စကားပုံတစ်ခုအတိုင်း တိုက်နေတဲ့လေကို လမ်းကြောင်းမပြောင်းနိုင်ခဲ့ရင် ကိုယ့်ရွက်ကိုပဲ ထိန်းကျောင်းရမှာဖြစ်တယ်လို့ မစ္စတာအာနန်က ပြောခဲ့ပါတယ်။ ဆီးရီးယား အစိုးရဘက်ကတော့ ဒီကိစ္စအပေါ် ဘာမှချက်ချင်း တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။
စနေနေ့ ပထမဆုံးအကြိမ် တွေ့ဆုံပွဲ အပြီးမှာတော့ မစ္စတာ အာဆဒ်က သူ့အနေနဲ့ အခုပြဿနာကို ဖြေရှင်းတဲ့နေရာမှာ ရိုးသားမှုရှိရမယ်ဆိုတဲ့ အချက်ကို ထောက်ခံကြောင်း မစ္စတာအာနန်ကို ပြောဆိုခဲ့တယ်လို့ ဆီးရီးယားနိုင်ငံပိုင် မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ဒါပေမဲ့ အကြမ်းဖက်သမားတွေဘက်က ခြိမ်းခြောက်မှုတွေ ရှိနေသ၍ နိုင်ငံရေးအဖြေရှာမှု ဆိုတာကလည်း ဖြစ်နိုင်ခြေမရှိဘူး လို့လည်း မစ္စတာအာဆဒ်က ပြောခဲ့တယ်လို့ ဆိုပါတယ်။
ပြည်ပရောက် ဆီးရီးယား အဓိက အတိုက်အခံ အုပ်စုကလည်း အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေး ကိစ္စကို ပယ်ချထားပါတယ်။