သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယားအကြမ်းဖက်မှု အဆုံးသတ်ဖို့ သံတမန်ရေး ကြိုးပမ်းမှု


ဆီးရီးယားနိုင်ငံမှာ နှစ်နဲ့ချီ ဖြစ်ပွားနေတဲ့ ပဋိပက္ခပြေလည်ရေးအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ဟာ ဆော်ဒီအာရေးဗီးယား နိုင်ငံမှာ အာရပ် ပင်လယ်ကွေ့နိုင်ငံတွေက သံတမန်တွေနဲ့ စနေနေ့က တွေ့ဆုံ ဆွေးနွေးပွဲတွေ ဆက်လက် ပြုလုပ်နေပါတယ်။

ဒီတွေ့ဆုံ ဆွေးနွေးပွဲတွေဟာ တနင်္ဂနွေနေ့ကျရင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ကျင်းပမယ့် နိုင်ငံ ၆၀ ပါ ဆီးရီးယားမိတ်ဆွေများ ဆွေးနွေးပွဲရဲ့ အကြို ဆွေးနွေးမှုတွေလည်း ဖြစ်ပါတယ်။ တူရကီနိုင်ငံမှာ ကျင်းပမယ့် အဲဒီ ဆွေးနွေးပွဲကို ဆီးရီးယားအတိုက်အခံ အင်အားစုတွေကို ထောက်ခံတဲ့ အမေရိကန်၊ အာရပ်နဲ့ တခြား အနောက်နိုင်ငံတွေက သံတမန်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ပင်လယ်ကွေ့နိုင်ငံတချို့က အဆိုပြုထားပေမဲ့ အမေရိကန်ကတော့ ဆီးရီးယားအတိုက်အခံတွေကို လက်နက် တပ်ဆင်ပေးရေး ကိစ္စကို ဆက်လက် ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။ အဲဒီလို လက်နက် ထောက်ပံ့မယ့်အစား တကွဲ တပြားစီဖြစ်နေကြတဲ့ အတိုက်အခံ အင်အားစုတွေကို အမေရိကန်ပြည်ထောင်စုက လိုက်လံ စည်းရုံးနေပြီး ဆီးရီးယားနိုင်ငံအတွင်း လူသားချင်းစာနာတဲ့ အကူအညီတွေ ပို့ပေးနိုင်ရေးကိစ္စကို အာရုံစိုက် လုပ်ဆောင်နေတာပါ။

ဒီအတောအတွင်း ဆီးရီးယားနိုင်ငံတဝှမ်း သောကြာနေ့က လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေအကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့တာမှာ အနည်းဆုံး လူ ၁၁ ဦးလောက် သေဆုံးခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

ဆီးရီးယား အစိုးရအနေနဲ့ ချက်ချင်း အပစ်အခတ် ရပ်ဆိုင်းပြီး အတိုက်အခံတွေကို တိုက်ခိုက်နေတာတွေ လည်း ရပ်တန့်ဖို့ ကုလသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ်ရဲ့ ဆီးရီးယားနိုင်ငံဆိုင်ရာ အထူးသံတမန် ကိုဖီအာနန်က တောင်းဆိုထားပါတယ်။

XS
SM
MD
LG