သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား သူပုန်တွေအတွက် ပင်လယ်ကွေ့နိုင်ငံတွေ ထောက်ပံ့မည်


ဆီးရီးယား သမ္မတ ဘက်ရှာအယ်လ်အာဆဒ် (Bashar al-Assad) ကို ဖယ်ရှားဖို့ ကြိုးပမ်းနေတဲ့ သူပုန်တွေကို လစာပေးအပ်နိုင်ဖို့ အတိုက်အခံ ဆီးရီးယား အမျိုးသား ကောင်စီကို ပင်လယ်ကွေ့နိုင်ငံ အများအပြားက ဒေါ်လာသန်းနဲ့ချီ ထောက်ပံ့သွားမှာ ဖြစ်တယ်လို့ တူရကီနိုင်ငံ အီစတန်ဘူမြို့က ဆီးရီးယား မိတ်ဆွေနိုင်ငံများ အဖွဲ့ရဲ့ တနင်္ဂနွေနေ့က ညီလာခံကို တက်ရောက် လာသူတွေက ပြောပါတယ်။ တစ်နှစ်ကျော်ကြာ လူထုအုံကြွမှုတွေအတွင်း အတိုက်အခံ အင်အားစုတွေဘက်ကို အစိုးရစစ်တပ်က ဘက်ပြောင်း ပူးပေါင်းလာကြဖို့ ရည်ရွယ်ပြီး ထောက်ပံ့မှာ ဖြစ်တယ်လို့လည်း ကိုယ်စားလှယ်တွေက ပြောခဲ့ကြတာပါ။

အမေရိကန် ပြည်ထောင်စုကတော့ အတိုက်အခံ လှုပ်ရှားသူတွေ စနစ်တကျ ဖြစ်စေဖို့နဲ့ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် မပြတ်စေဘဲ အစိုးရရဲ့ တိုက်ခိုက်မှုတွေကနေ ရှောင်ရှားနိုင်အောင် ဆက်သွယ်ရေး ကိရိယာတွေ ထောက်ပံ့ ကူညီနေတယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် က ညီလာခံမှာ ပြောသွားပါတယ်။ အုံကြွမှုတွေကို သမ္မတ အာဆဒ် အစိုးရက သွေးထွက်သံယို နှိမ်နင်းရာမှာ လူမဆန်တဲ့ လုပ်ရပ်တွေကို မှတ်တမ်းတင်နိုင်မယ့် အစီအစဉ်တရပ်ကိုလည်း အကောင်အထည် ဖော်နေတယ်လို့ ပြောခဲ့တာပါ။

ပဋိပက္ခဒဏ် ခံရသူတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေကို နှစ်ဆတိုးပြီး ဒေါ်လာ ၂၅ သန်းအထိ ပေးအပ်သွားဖို့ကိုလည်း ဝန်ကြီးကလင်တန်က ကြေညာခဲ့သလို၊ ညီလာခံ တက်လာကြတဲ့ ကျန်နိုင်ငံပေါင်း ၆၀ ကျော်ကိုလည်း ဆီးရီးယား အစိုးရအပေါ် တင်းကျပ်တဲ့ ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံတဝှမ်း နေရာအတော်များများမှာ အစိုးရနဲ့ သူပုန်တပ်တွေရဲ့ တနင်္ဂနွေနေ့က တိုက်ခိုက်မှုတွေ အတွင်းမှာတော့ အစိုးရ တပ်ဖွဲ့ဝင်တွေ၊ သူပုန်တွေနဲ့ အရပ်သားတွေ စုစုပေါင်း လူ ၄၀ ထက်မနည်း သေဆုံးခဲ့တယ်လို့လည်း တက်ကြွလှုပ်ရှားသူတွေက ပြောခဲ့ကြတာပါ။ အလယ်ပိုင်း Homs မြို့မှာ အစိုးရတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား အနည်းဆုံး ၆ ယောက် သေဆုံးခဲ့တယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG