သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအစိုးရနဲ့ သူပုန်ကြား အပစ်ရပ်နိုင်ဖို့ မသေချာ


ဆီးရီးယား သမ္မတ ဘက်ရှာအယ်လ်အာဆဒ် အစိုးရက နောက်ဆုံးအချိန်မှကပ်ပြီး တောင်းဆိုလိုက်တဲ့ တောင်းဆိုချက်ကို နိုင်ငံအတွင်း အဓိကသူပုန်အဖွဲ့က ငြင်းပယ်လိုက်တဲ့အတွက် သွေးထွက်သံယိုမှုတွေ ရပ်စဲရေး ကြိုးပမ်းပေးနေတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးသံတမန် မစ္စတာကိုဖီအာနန် အတွက် အခက်ကြုံနေရပါတယ်။ ဆီးရီးယား အစိုးရတပ်ဖွဲ့တွေ မြို့တွေကနေ ပြန်လည်ဆုတ်ခွာမှု မစတင်ခင် သူပုန်အဖွဲ့တွေ ဘက်က တိုက်ခိုက်မှုတွေ ရပ်စဲပါမယ်ဆိုတဲ့ ခိုင်မာတဲ့ စာနဲ့ ရေးသားထားတဲ့ အာမခံချက် လိုချင်ကြောင်း အစိုးရကတောင်းဆိုခဲ့တာပါ။

ဆီးရီးယားလွတ်မြောက်ရေးတပ်ဖွဲ့ လို့ခေါ်တဲ့ သူပုန်တပ်ဖွဲ့ခေါင်းဆောင် ရီယက် အာဆဒ်က သူ့အဖွဲ့အနေနဲ့ ဧပြီလ ၁၀ ရက်နေ့မှာ အပစ်ခတ် ရပ်စဲရမယ်ဆိုတဲ့ သဘောတူညီချက်ကို လေးစားလိုက်နာဖို့ အဆင်သင့် ရှိနေကြောင်း၊ ဒါပေမဲ့ လက်နက်ချတာမျိုးတော့ လုပ်မှာမဟုတ်ဘူးလို့ တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပါတယ်။

ဇန်နဝါရီလအတွင်း အာရပ်အဖွဲ့ချုပ်ရဲ့ လေ့လာစောင့်ကြည့်သူတွေ ရောက်ရှိနေစဉ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်မျိုး နောက်တခါ ထပ်အဖြစ်ခံမှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဂျီဟတ် မာဒက်ဆီက ပြောပါတယ်။ အဲဒီတုန်းက အစိုးရတပ်တွေ ရုပ်သိမ်းပေးလိုက်တာကနေ သူပုန်တပ်တွေ လက်နက် ပြန်တပ်ဆင်ပြီး အနီးဝန်းကျင် အရပ်တွေကို ထိန်းချုပ်တာကို တွေ့ခဲ့ရတယ်လို့ သူကပြောပါတယ်။

ဒီအတောအတွင်း မကြာခင်က ဆီးရီးယားမြို့တွေ ကျေးရွာတွေမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေ ရက်စက်မှုတွေကို သိလိုက်ရတဲ့အတွက် အထိတ်တလန့် ဖြစ်ခဲ့ရကြောင်း အာရပ်အဖွဲ့ချုပ်နဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး သံတမန် မစ္စတာ ကိုဖီအာနန်က ပြောဆိုပါတယ်။

ဆီးရီးယားနိုင်ငံတဝှမ်းမှာ လူပေါင်း ၁၃၀ လောက် သေဆုံးခဲ့ရပြီး သေဆုံးသူအများစုဟာ အရပ်သားတွေ ဖြစ်ကြောင်း အဓိက ဆီးရီးယားအတိုက်ခံ အဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့အပြီး နောက်တရက်မှာ မစ္စတာ ကိုဖီအာနန်ရဲ့ မှတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

XS
SM
MD
LG