သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား တိုက်ခိုက်မှုသစ် ကုလသတိပေး


ဆီးရီးယားနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ သွေးထွက်သံယို အကြမ်းဖက်မှုတွေအပေါ် စိုးရိမ်မှုဖြစ်ရတဲ့ အကြောင်း ရရှိထားပြီး အပစ်ရပ်သဘောတူညီမှုကို စောင့်ထိန်းဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ပြောပါတယ်။ ဆီးရီးယား အစိုးရကိုလည်း ရရှိထားတဲ့ အပစ်ခတ်ရပ်စဲမှုကို ဘယ်လိုနည်းလမ်းနဲ့မဆို ဆက်လက် ထိန်းသိမ်းထားဖို့ တိုက်တွန်းလိုက်ပါတယ်။

ဘရပ်ဆဲလ်မြို့မှာ ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် အီလီယို ဒီ ရူပိုနဲ့ တွေ့ဆုံဆွေးနွေးအပြီးမှာ မစ္စတာဘန်ကီမွန်းက ဆီးရီးယားနိုင်ငံ အလယ်ပိုင်း သူပုန်တွေ ရှိနေတဲ့ ဟုမ်းစ် မြို့ကို အစိုးရတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေမှုအပေါ် သူ့အနေနဲ့ အလွန်စိုးရိမ်တဲ့အကြောင်း ပြောပါတယ်။ သွေးထွက်သံယို ဖြစ်ပွားမှုတွေကို ရပ်စဲဖို့ သူ့အနေနဲ့ အတတ်နိုင်ဆုံး တောင်းဆိုပါတယ်လို့ ပြောပါတယ်။

မစ္စတာ ဘန်ကီမွန်းဟာ ဒီကနေ့ တနင်္လာနေ့မှာ ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ရဲ့ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

ဆီးရီးယား အစိုးရတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ သုံးမိနစ်တကြိမ်နှုန်းလောက် ပစ်ခတ် တိုက်ခိုက်နေပြီး လူ ၅ ဦး ထက်မနည်း သေဆုံးခဲ့ရပြီးပြီလို့ ဗြိတိန်နိုင်ငံမှာ အခြေစိုက်တဲ့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင် ရာမီ အဗ္ဘဒယ်လ် ရာမန်က ပြောပါတယ်။

သမ္မတ ဘက်ရှာအယ်လ်အာဆဒ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ သူပုန်တွေကလည်း နိုင်ငံမြောက်ပိုင်း အလက်ပို ခရိုင်က ရဲစခန်းကို ဝင်ပြီး တိုက်ခိုက်ခဲ့ကြပါတယ်။

လက်နက်ကိုင် အကြမ်းဖက် အုပ်စုတွေက နိုင်ငံတကာကနေ ညှိနှိုင်းပေးထားတဲ့ အပစ်ရပ်ရေး ဆိုတာကို အခွင့်ကောင်း ယူပြီး တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဆီးရီးယားအစိုးရက ပြောဆိုပါတယ်။ အကြမ်းဖက်အုပ်စုတွေရဲ့ ရာဇဝတ်မှု မြောက်တဲ့ တိုက်ခိုက်မှုတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့ ခုခံကာကွယ်မှုတွေ ပြုလုပ်ရမှာဖြစ်တယ် ဆိုပြီး နိုင်ငံပိုင် ရုပ်သံဌာနကနေ ပြောဆိုသွားပါတယ်။

XS
SM
MD
LG