သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား စစ်မီးတောက်မယ့်အရေး ကိုဖီအာနန် သတိပေး


ဆီးရီးယားနိုင်ငံမှာ စစ်မီးတောက်မယ့် အရိပ်အယောင်တွေ တနေ့တခြား တိုးလာနေတယ်လို့ အာရပ်အဖွဲ့ချုပ်ရဲ့ အထူးကိုယ်စားလှယ်က သတိပေးပြောဆိုလိုက်တဲ့ တချိန်တည်းမှာပဲ ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ် အာဆဒ်ကို ဖိအားတွေ တိုးပေးဖို့ အာရပ်အဖွဲ့ချုပ် ခေါင်းဆောင်တွေက ကြိုးစားနေကြပါတယ်။ အာရပ်အဖွဲ့ချုပ် အထူးကိုယ်စားလှယ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်နဲ့ ကုလသမဂ္ဂတို့ကြား ဆွေးနွေးကြမယ့် အရေးပေါ် ဆွေးနွေးပွဲတရပ်အတွက် အာရပ်အဖွဲ့ချုပ် အဖွဲ့ဝင်တွေ ကာတာနိုင်ငံ ဒိုဟာမြို့မှာ စနေနေ့က တွေ့ဆုံခဲ့ကြပါတယ်။

မစ္စတာ အာဆဒ် အနေနဲ့ သူ့ရဲ့ အချက်ခြောက်ချက်ပါ အပစ်အခတ် ရပ်စဲရေး စီမံကိန်းကို အကောင်အထည်ဖော်တဲ့ အရေးကြီးပြီး ထင်သာမြင်သာရှိတဲ့ ခြေလှမ်းတွေ ချက်ချင်း ယူရလိမ့်မယ်လို့ မစ္စတာ အာနန်က တောင်းဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း ပဋိပက္ခတွေဟာ ထိန်းမနိုင်တော့တဲ့ အခြေအနေကို အလျင်အမြန် ရောက်လာနေတယ် ဆိုတာ မကြာသေးခင်က ထိတ်လန့်စရာ ဖြစ်ရပ်တွေက သက်သေပြနေတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ဝန်ခံပြောဆိုခဲ့ပါတယ်။ ခုလို ဆီးရီးယား ပဋိပက္ခတွေ တနေ့တခြား ပိုပြီး ကြီးထွားလာနေတဲ့ အခြေအနေကိုလည်း မစ္စတာ အာနန်က သတိပေးခဲ့ပါတယ်။

အလားတူပဲ ပဋိပက္ခတွေ ကြီးထွားလာနေတဲ့အပေါ် ကာတာဝန်ကြီးချုပ် Sheik Hamid bin Jassim al-Thani ကလည်း စိုးရိမ်ကြောင်း ပြောဆိုခဲ့ပါတယ်။ တနေ့တခြား ဆိုးရွားလာနေတဲ့ ဆီးရီးယားနိုင်ငံရဲ့ အခြေအနေတွေ ပေါက်ကွဲထွက်မသွားအောင် ဘယ်နိုင်ငံကမှ အပြည့်အ၀ မဟန့်တားနိုင်ကြဘူးလို့လည်း သူက ပြောပါတယ်။ ဆီးရီးယားနိုင်ငံသားတွေ အနေနဲ့ သူတို့ရဲ့ မျှော်လင့်ချက်တွေ အကောင်အထည် ပေါ်လာအောင် အာရပ်အဖွဲ့ချုပ်က ကြိုးပမ်းသွားမယ်လို့လည်း သူက ကတိပေး ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG