သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား အကြမ်းဖက်တိုက်ခိုက်မှု ပိုမိုပြင်းထန်


ဆီးရီးယားနိုင်ငံကို စောင့်ကြည့်လေ့လာဖို့ ရောက်ရှိနေတဲ့ ကုလသမဂ္ဂအဖွဲ့ဝင်တွေက သူတို့အနေနဲ့ ဆီးရီးယားနိုင်ငံအတွင်း လုပ်ဆောင်နေတဲ့ တာဝန်တွေကို ရပ်ဆိုင်းလိုက်အပြီး နောက်တရက်မှာ ဆီးရီးယားအစိုးရတပ်တွေက သူပုန်တပ်တွေ ရှိနေတဲ့ ဟုမ်းစ် မြို့အနီးတဝိုက်ကို လက်နက်ကြီးတွေနဲ့ ပိုမိုပြင်းပြင်းထန်ထန် တိုက်ခိုက်နေတဲ့ အတွက် အနည်းဆုံး လူ ၁၁ ယောက်ထက် မနည်း သေဆုံး သွားရကြောင်း ဆီးရီးယားအတိုက်အခံ တက်ကြွလှုတ်ရှားသူတွေက ပြောပါတယ်။

အစိုးရတပ်တွေက ဆီးရီးယားနိုင်ငံ အလယ်ပိုင်းက မြို့ကြီးအတွင်း ပစ်ခတ်တိုက်ခိုက်နေတာကို ရိုက်ကူးထားတဲ့ ဗီဒီယို ရုပ်ပုံတွေကို တက်ကြွလှုပ်ရှားသူတွေက ဖြန့်ချိ ပြသခဲ့ကြပါတယ်။ စနေနေ့ကလည်း မြို့အတော်များများမှာ အစိုးရ တပ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူပေါင်း ၅၀ ထက်မနည်း သေဆုံးခဲ့ရတယ်လို့ အတိုက်ခံတွေက ပြောပါတယ်။

ဟုမ်းစ်မြို့ဟာ လွန်ခဲ့တဲ့ တနှစ်ကျော်က ဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုကြီးကို ဗဟိုပြုလှုတ်ရှားခဲ့တဲ့ အချက်အချာအရပ် ဖြစ်ပါတယ်။

အတိုက်အခံတွေဖြန့်နေတဲ့ ဗီဒီယိုကိုတော့ မှန်ကန်မှုရှိမရှိ အတည်မပြုနိုင်သေးပါဘူး။

ဆီးရီးယားအစိုးရကတော့ အခုလို အကြမ်းဖက်တိုက်ခိုက်မှုတွေကို အကြမ်းဖက်သမားတွေက ပြုလုပ်နေတာသာ ဖြစ်တယ်လို့ ပြောနေတာပါ။

လက်နက် တပ်ဆင်ထားခြင်းမရှိတဲ့ ကုလသမဂ္ဂ လေ့လာစောင့်ကြည့်ရေး အဖွဲ့ဝင်တွေက သူတို့ရဲ့လုပ်ဆောင်နေတဲ့ တာဝန်ကို ရပ်ဆိုင်းခဲ့အပြီး တရက်အကြာမှာ အခုလို အကြမ်းဖက် တိုက်ခိုက်မှုတွေ ပိုမို ပြင်းထန်လာတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လေ့လာစောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် ရောဘန် မုဒ် ကတော့ သူ့ရဲ့အဖွဲ့ဝင်တွေဟာ နိုင်ငံအတွင်းကနေ ထွက်ခွာသွားမှာ မဟုတ်သေးဘူးလို့ တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။

XS
SM
MD
LG