သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ ဆီးရီးယား သံ ပြန်ဆက်မည်


အမေရိကန်နဲ့ ဆီးရီးယား သံ ပြန်ဆက်မည်
အမေရိကန်နဲ့ ဆီးရီးယား သံ ပြန်ဆက်မည်

၆ နှစ်ကြာ လျစ်လပ်နေတဲ့ ဆီးရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ရာထူးအတွက် ဝါရင့်သံတမန် ရောဘတ် ဖို့ဒ် (Robert Ford) ဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ရဲ့ရှေ့မှောက်မှာ ဒီရာထူးအတွက် မနေ့က ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ အမေရိကန်သမ္မတ အိုဘားမားက ပြီးခဲ့တဲ့လက အထက်လွှတ်တော် အားလပ်ရက် ရပ်နားထားစဉ်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ အထက်လွှတ်တော်ရဲ့ အတည်ပြုချက်ကို မရယူဘဲ ရောဘတ်ဖို့ဒ်ကို ဆီးရီးယားနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့တာပါ။

၂၀၀၅ ခုနှစ်က လက်ဘနွန်နိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း ရာဖစ် ဟရီရီ(Rafiq Hariri) လုပ်ကြံသတ်ဖြတ်ခံရတာမှာ ဆီးရီးယား ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းအချက်အလက်တွေအရ အဲဒီအချိန်က အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ် က ဒမက်စကက်မြို့တော်က အမေရိကန်သံအမတ်ကြီးကို ပြန်ပြီးခေါ်ယူခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆီးရီးယားနိုင်ငံမှာ သံအမတ်တယောက် ထားရှိဖို့လိုအပ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပီဂျေခရိုလေ က မနေ့က ပြောဆိုခဲ့ပါတယ်။ ဆီးရီးယားအပါအဝင် အရှေ့အလယ်ပိုင်းမှာ အမေရိကန် ပြည်ထောင်စု အတွက် သိသာထင်ရှားတဲ့ အကျိုးစီးပွားတွေ ရှိနေတာကြောင့် ဒမက်စကက်မြို့တော်မှာ အဆင့်မြင့် သံတမန်တဦး အမေရိကန်ဘက်က ထားရှိခြင်းဖြင့် ဆီးရီးယားအစိုးရကို အမေရိကန်ပြည်ထောင်စုရဲ့ ပွင့်လင်းခိုင်မာတဲ့သတင်းစကားတွေ အမြဲပါးနိုင်မှာ ဖြစ်တယ်လို့လည်း မစ္စတာ ခရိုလေ က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG