သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား သူပုန်တွေ အကူအညီပေးရေး အမေရိကန် နည်းလမ်းရှာ


အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ ဆီးရီးယား အာဏာရှင် သမ္မတ ဘက်ရှာအယ်လ် အာဆတ်ကို နှစ်နဲ့ချီပြီး ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ ဆီးရီးယား သူပုန်တွေကို အကူညီပေးဖို့ စဉ်းစားနေပါတယ်။ အကူအညီဆိုတဲ့နေရာမှာ လက်နက်တော့ မပါဘူးလို့ သမ္မတအိမ်ဖြူတော်က ပြောဆိုပါတယ်။

ဆီးရီးယားသူပုန်တွေကို အကူညီပေးနိုင်မယ့် နည်းလမ်းတွေနဲ့ ပတ်သက်ပြီး သမ္မတ အိုဘားမားဟာ တူရကီ ဝန်ကြီးချုပ် ရီဆပ် တရစ် အာဒိုဂမ် နဲ့ တနင်္ဂနွေနေ့က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။ သမ္မတ အိုဘားမားနဲ့ ဝန်ကြီးချုပ် အာဒိုဂမ်တို့ဟာ နျူကလီးယားလုံခြုံစိတ်ချမှုဆိုင်ရာ ညီလာခံကို တက်ရောက်ဖို့အတွက် တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။

ခေါင်းဆောင် ၂ ဦးဟာ အဲဒီ အကူအညီပေးရေး ကိစ္စနဲ့ပတ်သက်ပြီး တူရကီနိုင်ငံမှာ ဧပြီလ ၁ ရက်နေ့ကျရင် ကျင်းပဖို့ရှိတဲ့ ဆီးရီးယားရဲ့ မိတ်ဆွေများအစည်းဝေးမှာ တင်ပြဖို့ သဘောတူညီခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဆီးရီးယားအတိုက်အခံ သတင်းရပ်ကွက် အဆိုအရ တူရကီနဲ့ အာရပ်အဖွဲ့ချုပ်က ဆီးရီးယား အတိုက်အခံတွေကို အရင် ညီညွတ်မှုရအောင် လုပ်ဆောင်ကြဖို့ ဆီးရီးယား အမျိုးသားကောင်စီ အနေနဲ့ စုစုစည်းစည်း ရှိနေအောင် ဖိအားပေး နေတယ်လို့ ပြောပါတယ်။

သမ္မတ အိုဘားမားနဲ့ တွေ့ဆုံဆွေးနွေးအပြီး တူရကီဝန်ကြီးချုပ် အာဒိုဂမ် က တူရကီနဲ့ သူနဲ့ရောင်းရင်း နိုင်ငံတွေဟာ ဆီးရီးယား ပြဿနာအပေါ် ဆက်ပြီး လက်ပိုက်ကြည့်မနေနိုင်တော့တဲ့ အကြောင်း၊ နိုင်ငံတကာဥပဒေနဲ့ ကိုက်ညီတဲ့ လုပ်ဆောင်နိုင်တာကို လုပ်ရတော့မှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

XS
SM
MD
LG