ဆီးရီးယားနိုင်ငံမှာ အစိုးရတပ်ဖွဲ့က အတိုက်အခံတွေအပေါ် အကြမ်းဖက် ဖြိုခွဲနေမှုတွေကို ရပ်တန့်ပေးဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆဒ် (Bashar al-Assad) ကို တောင်းဆိုလိုက်ပါတယ်။ လက်ဘနွန်နိုင်ငံ ဘေရုမြို့မှာကျင်းပနေတဲ့ ဒီမိုကရေစီ ညီလာခံမှာ တနင်္ဂနွေနေ့က မိန့်ခွန်းပြောကြားရင်းနဲ့ မစ္စတာ ဘန်ကီမွန်းက ထည့်သွင်း ပြောကြားသွားတာ ဖြစ်ပါတယ်။ အာဏာရှင် တစ်ယောက်တည်းကနေ လက်ဝါးကြီးအုပ်ပြီးတော့ အုပ်ချုပ်နေတဲ့ အုပ်ချုပ်ရေးကို လက်မခံနိုင်ကြတော့ဘူး ဆိုတာကို မကြာခင်က ကမ္ဘာ့နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေက သက်သေပြနေတယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။
ဆီးရီးယားအစိုးရ အနေနဲ့ အတိုက်အခံနဲ့ ဖြစ်ပွားနေတဲ့ နိုင်ငံရေး အဓိကရုဏ်းကို အကြမ်းဖက်ဖြိုခွဲနေမှုကို ရပ်ဆိုင်းဖို့ တောင်းဆိုထားတာကို လိုက်နာမှု ရှိမရှိနဲ့ ပတ်သက်ပြီး ဆီးရီးယားနိုင်ငံကို လွှတ်ထားတဲ့ အကဲခတ်သူတွေထံက နောက်ဆုံးရရှိထားတဲ့ အစီရင်ခံစာအပေါ် ပြန်ပြီးသုံးသပ်ဖို့ အာရပ်အဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေဟာ လာမယ့် တနင်္ဂနွေနေ့မှာ တွေ့ဆုံစည်းဝေးကြမှာ ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၂၆ ရက်နေ့ကတည်းက ဆီးရီးယားနိုင်ငံကို စေလွှတ်ထားတဲ့ အာရပ်အဖွဲ့ချုပ်ရဲ့ လေ့လာအကဲခတ်သူတွေရဲ့ တာဝန်ဟာ ကြာသပတေးနေ့မှာ ပြီးဆုံးတော့မှာပါ။ ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆဒ် ဟာ လာရောက် လေ့လာအကဲခတ်သူတွေကို လိမ်လည် လှည့်ဖျားခဲ့ပြီးတော့ လွန်ခဲ့တဲ့သီတင်းပတ် အတွင်း အတိုက်အခံတွေကို သတ်ဖြတ် တိုက်ခိုက်မှုတွေ ပိုပြီး လုပ်လာခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
လေ့လာသူတွေရဲ့ နောက်ဆုံး အစီရင်ခံစာကို အာရပ်အဖွဲ့ချုပ်ရဲ့ ဆီးရီးယားနိုင်ငံဆိုင်ရာ အထူးကော်မတီက နိုင်ငံခြားရေးဝန်ကြီးတွေ မတွေ့ဆုံခင် တစ်ရက်အလို စနေနေ့မှာ တွေ့ကြမှာဖြစ်ကြောင်းလည်း အဖွဲ့ချုပ်က ပြောပါတယ်။
ကာတာနိုင်ငံဟာ အာရပ်နိုင်ငံတွေထဲမှာ ဆီးရီးယားနိုင်ငံအပေါ် ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်ဖို့ တောင်းဆိုတဲ့ ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်ပါတယ်။ ကာတာနိုင်ငံရဲ့ စော်ဘွား ရှိက်ဟာမတ် ဘင်ခါလီဖာအယ်လ်သာနီ (Sheikh Hamad bin Khalifa al-Thani) ဟာ ဆီးရီးယားနိုင်ငံက အကြမ်းဖက်မှုတွေကို ရပ်သွားအောင်လို့ အာရပ်အဖွဲ့ချုပ် နိုင်ငံတွေက လုံခြုံရေးတပ်တွေ ဆီးရီးယားကို စေလွှတ်သင့်တဲ့အကြောင်း တနင်္ဂနွေနေ့က CBS ရုပ်သံဌာနနဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့ပါတယ်။ သူဟာ အဲဒီလိုမျိုး ပြောဆို တောင်းဆိုတဲ့ ပထမဆုံး အာရပ်ခေါင်းဆောင်လည်း ဖြစ်ပါတယ်။