သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Aleppo မြို့နေရာအများစုကို သူပုန်တပ်တွေ ထိန်းချုပ်


ဆီးရီးယားသူပုန်အဖွဲ့ ဆီးရီးယားနိုင်ငံ Aleppo မြို့ထဲ ဝင်ရောက် (REUTERS/Mahmoud Hasano)
ဆီးရီးယားသူပုန်အဖွဲ့ ဆီးရီးယားနိုင်ငံ Aleppo မြို့ထဲ ဝင်ရောက် (REUTERS/Mahmoud Hasano)

ဆီးရီးယားနိုင်ငံက အကြီးဆုံး Aleppo မြို့နေရာ အများစုကို ဆီးရီးယားသူပုန်အဖွဲ့တွေ ထိန်းချုပ်ထားလိုက်ပြီလို့ စစ်ပွဲစောင့်ကြည့်ရေး War Monitor အဖွဲ့က ဒီကနေ့ စနေနေ့မှာပြောဆိုပါတယ်။

Aleppo မြို့ နေရာတော်တော်များများကို သူပုန်တွေ ဝင်ရောက်လာခဲ့တယ်လို့ ဆီးရီးယားစစ်တပ်ကလည်း ဒီနေ့ စနေနေ့မှာ ပြောကြားခဲ့ပါတယ်။ အပြန်အလှန် တိုက်ခိုက်မှုတွေအတွင်း ဆီးရီးယားစစ်သား ဒါဇင်နဲ့ချီ သေဆုံးတယ်လို့လည်း ပြောပါတယ်။ ၂၀၁၆ ခုနှစ်ထဲကဆိုရင် ပထမဆုံးအကြိမ်အဖြစ် ဆီးရီးယားအစိုးရကို တိုက်နေတဲ့ သူပုန်အဖွဲ့တွေက မြို့ကြီးတမြို့ကို ဝင်ရောက်ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။ ဆီရီးယားအစိုးရတပ်က ပြန်လည်တိုက်ခိုက်နေသလို ရုရှားစစ်လေယာဉ်တွေကလည်း လေကြောင်းကနေ စစ်ကူပေးနေပါတယ်။

Hayat Tahrir al-Sham ဦးဆောင်တဲ့ အစ္စလာမ်သူပုန်အဖွဲ့တွေပေါင်းပြီး သောကြာနေ့က Aleppo မြို့ကို ဝင်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ အကျဉ်းထောင်တွေအပါအဝင် မြို့ရဲ့အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အဦးတွေကို သူပုန်တပ်တွေက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

သမ္မတ Bashar al-Assad အစိုးရရဲ့ မြို့နယ်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေ၊ ရဲအရာရှိတွေကတော့ မြို့ကိုစွန့်ခွါသွားကြပြီ ဖြစ်ပါတယ်။ လေယာဉ်ကွင်းလည်း ပိတ်ထားလိုက်ပြီး၊ မြို့တော်ဆီကိုသွားတဲ့ လမ်းတွေကိုလည်း စနေနေ့က ပိတ်ထားလိုက်ပါတယ်။

သူပုန်တပ်ဖွဲ့တွေဟာ သောကြာနေ့တုန်းက သမ္မတအာဆတ်ကို သစ္စာခံတဲ့တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးနောက် မြို့ကိုတဖြည်းဖြည်း သိမ်းပိုက်ခဲ့တာလို့ အမည်မဖေါ်လိုသူတဦးက VOA ကို အတည်ပြုပြောဆိုခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်က စတင်ခဲ့တဲ့တိုက်ပွဲတွေအတွင်း ဒီတကြီမ်ဟာ Aleppo ကို အကြီးမားဆုံးတိုက်ခိုက်မှု ဖြစ်ပါတယ်။

တိုက်ခိုက်မှုတွေအတွင်း ကလေးငယ်တွေအပါဝင် အရပ်သား ၂၇ ဦး သေဆုံးခဲ့တယ်လို့ ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂလူ့ အခွင့်အရေး ဒုတိယတာဝန်ရှိသူ David Carden က သောကြာနေ့မှာ ပြောဆိုပါတယ်။ သေဆုံးသူစုစုပေါင်း ၃၀၀ ကျော်ရှိတဲ့အထဲ အများစုက နှစ်ဘက်တပ်ဖွဲ့ဝင်တွေဖြစ်ပြီး၊ အရပ်သား ၂၈ ဦး ပါဝင်တယ်လို့ စောင့်ကြည့်ရေးအဖွဲ့တွေက စနေနေ့မှာ ပြောဆိုပါတယ်။ သူပုန်တပ်ဖွဲ့တွေဟာ ဗုဒ္ဓဟူးနေ့က ရုတ်တရက် ထိုးစစ်စတင်ခဲ့ပြီး အယ်လပိုဒေသတွင်းက ဒါဇင်နဲ့ချီတဲ့မြို့ရွာတွေကိုလည်း ၂ ရက်အတွင်း သိမ်းပိုက်ခဲ့တယ်လို့ သူပုန်တပ်ဖွဲ့တွေဘက်က ပြောဆိုထားပါတယ်။

Forum

XS
SM
MD
LG