သုံးရလွယ်ကူစေသည့် Link များ

ဆီးရီးယားနိုင်ငံနဲ့ ပတ်သက်ပြီး ဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေ၊ နိုင်ငံရေးပြဿနာတွေကြောင့် ဆီးရီးယားနိုင်ငံမှာ စိုးရိမ်စရာ အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ အရပ်သား ပြည်သူတွေအတွက်ပေးမယ့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးမှုတွေမှာ အနှောင့်အယှက် မဖြစ်သင့်ဘူးလို့ ကုလသမဂ္ဂ အရေးပေါ် အကူအညီပေးရေးဆိုင်ရာ အကြီးအကဲ Valerie Amos က ပြောလိုက်ပါတယ်။

အရပ်သားတွေ အကူအညီ ရရှိဖို့အတွက် လုပ်နေတဲ့ကိစ္စမှာ အသင့်အတင့် တိုးတက်မှုရှိတယ်လို့ သူက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ကြာသပတေးနေ့မှာ ရှင်းပြခဲ့ပါတယ်။ အဲဒီထဲမှာ ဆီးရီးယားနိုင်ငံသား ၁၄၀၀ ကျော်ကို Homs မြို့ကနေ ရွှေ့ပေးနိုင်လိုက်တာလည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက လူသားချင်းစာနာတဲ့ အကူအညီတွေပေးနိုင်ဖို့ ခေတ္တ ခွင့်ပြုခဲ့တာကြောင့် အမျိုးသမီးတွေ၊ ကလေးတွေနဲ့ အသက်ကြီးတဲ့ အမျိုးသားတွေဟာ Homs မြို့က ထွက်ခွာဖို့ အခွင့်အရေး ရခဲ့ပါတယ်။ အဲဒီ Homs မြို့ရဲ့ သဘောတူညီချက်က ဘာတွေ လုပ်နိုင်တယ်ဆိုတာကို ပြသနေတယ်လို့ မစ္စ Amos က ပြောပါတယ်။

ဒါပေမဲ့ အကူအညီပေးတဲ့ ကယ်ဆယ်တဲ့ လုပ်သားတွေ တိုက်ခိုက်ခံရတာအပါအ၀င် ပြဿနာတွေ အများအပြား ကြုံခဲ့ရတာကြောင့် ဒီ Homs သဘောတူညီချက်ကို စံပြအနေနဲ့ ထားလို့ မရနိုင်ဘူးလို့ ပြောပါတယ်။ ကယ်ဆယ်ရေးလုပ်သားတွေကို တိုက်ခိုက်ခဲ့တဲ့အပေါ်မှာ ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်မူကြမ်းတရပ် ချမှတ်နိုင်ဖို့ အပါအ၀င် တခြား အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ဖို့ လုံခြုံရေးကောင်စီက စဉ်းစားနေပြီး၊ ဆီးရီးယားအစိုးရတပ်တွေ ၀ိုင်းခံထားရတဲ့ ပြည်သူတွေနဲ့ ပတ်သက်ပြီးတော့လည်း အထူးပဲ စိုးရိမ်မိတယ်လို့ ပြောလိုက်ပါတယ်။

ဆီးရီးယားရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ ရုရှားနိုင်ငံကတော့ ဆီးရီးယားအစိုးရနဲ့ ပတ်သက်ပြီး တဘက်သတ် ဖြစ်လွန်းတာကြောင့် ဗီတိုသုံးပြီး ပယ်ချမယ်လို့ ခြိမ်းခြောက်ထားပါတယ်။
XS
SM
MD
LG