သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားသူပုန်ကို စစ်ရေးကူဖို့ အမေရိကန်လွှတ်တော် သဘောတူ


အမေရိကန်အနေနဲ့ ဆီးရီးယားမှာရှိတဲ့ သဘောပျော့ပြောင်းတဲ့ သူပုန်တွေကို သင်တန်းပေးပြီး လက်နက်ထောက်ပံ့ဖို့ ရီပတ်ပလစ်ကန် လွှမ်းမိုးတဲ့ အမေရိကန်အောက်လွှတ်တော်မှာ မဲခွဲ အတည်ပြုလိုက်ကြပါတယ်။

သဘောထားပျော့ပြောင်းတဲ့ ဆီးရီးယားသူပုန်တွေကို အကူအညီပေးရေး ဒီအဆိုကို မနေ့ ဗုဒ္ဓဟူးနေ့က အောက်လွှတ်တော်မှာ မဲခွဲခဲ့တာဖြစ်ပြီး၊ ထောက်ခံမဲ ၂၇၃ မဲ၊ ကန့်ကွက်မဲ ၁၅၆ မဲနဲ့ အတည်ဖြစ်ခဲ့တာပါ။ ဒီမိုကရက်တွေ လွှမ်းမိုးထားတဲ့ အထက်လွတ်တော်မှာတော့ အခု ကြာသာပတေးနေ့မှာ ဒီအဆိုကို မဲခွဲမယ်လို့ မျှော်လင့်ရပါတယ်။

ဆီးရီးယားသမ္မတ Bashar al-Assad ဖြုတ်ချရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေကြတဲ့ သဘောထား ပျော့ပြောင်းတဲ့ သူပုန်တွေအနေနဲ့ IS အစွန်းရောက် စစ်သွေးကြွအဖွဲ့ကို တိုက်ခိုက်နိုင်ဖို့ သမ္မတအိုဘားမားက လိုလားနေတာပါ။

IS အဖွဲ့ဟာဆိုရင် အီရတ်မြောက်ပိုင်း အတော်များများကို သိမ်းယူ ထိန်းချုပ်ထားသလို၊ ဆီးရီးယားနိုင်ငံတွင်း အစိတ်အပိုင်း အတော်များများကိုလည်း သိမ်းယူထားပါတယ်။ အခု အဆိုပြုချက်ဟာဆိုရင် အီရတ်အပြင် အစွန်းရောက်တွေရှိနေတဲ့ နေရာတွေကို စစ်ဆင်ဖို့အတွက် သမ္မတအိုဘားမားရဲ့ မဟာဗျူဟာ အစိတ်အပိုင်းတရပ် ဖြစ်ပါတယ်။

အောက်လွှတ်တော်မှာ အခုလို မဲမခွဲခင်လေးမှာတော့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ဟာ အထက်လွှတ်တော် ကော်မတီတခုမှာ IS အစွန်းရောက်တွေ နှိမ်နင်းရေးနဲ့ပတ်သက်လို့ ကြားနာစစ်ဆေးမှု ခံယူပါတယ်။ IS ကို ပစ်မှတ်ထားတဲ့ နိုင်ငံတကာလေကြောင်း တိုက်ခိုက်မှုတွေကြောင့် သဘောထားပျော့ပြောင်းတဲ့ ဆီးရီးယားသူပုန်တွေကို အထောက်အကူ ဖြစ်စေတယ်လို့ မစ္စတာ ကယ်ရီက အဲဒီ ကြားနာပွဲအတွင်း ပြောခဲ့ပါတယ်။

အခုလို စစ်မြေပြင်က အောင်ပွဲတွေကြောင့် သဘောထားပျော့ပြောင်းတဲ့ သူပုန်တွေကို စည်းရုံးနိုင်လိမ့်မယ်လို့လည်း သူက ခန့်မှန်းပြောခဲ့ပါတယ်။

XS
SM
MD
LG