ဆီးရီးယားနိုင်ငံမှာ ရုတ်တရက် ထိုးစစ်ဆင်ခဲ့တဲ့ သူပုန်တွေက ဒီကနေ့ပဲ Damascus မြို့တော်ကို ထိန်းချုပ်လိုက်ရာက အစိုးရအုပ်ချုပ်မှု ပြိုလဲသွားပါတယ်။ နှစ်ပေါင်း ၅၀ ကြာ သမ္မတ Bashar Assad မိသားစု အုပ်ချုပ်မှု အဆုံးသတ်သွားတဲ့အတွက် လူတွေလမ်းပေါ်ထွက် အောင်ပွဲခံခဲ့ကြတာပါ။
သမ္မတကို ရာထူးက ဖယ်ရှားလိုက်ပြီး၊ ဖမ်းဆီးထားသူအားလုံးကိုလည်း ပြန်လွှတ်ပေးလိုက်ကြောင်း အုပ်စုတစုကလည်း နိုင်ငံပိုင် မီဒီယာကနေ ကြေညာခဲ့ပါတယ်။ လွတ်လပ်တဲ့ ဆီးရီးယားနိုင်ငံရဲ့ အဖွဲ့အစည်းတွေကို ထိန်းသိမ်းကြဖို့လည်း ဒမတ်စကတ် သိမ်းပိုက်မယ့် စစ်ဆင်ရေးအဖွဲ့အဖြစ် အမည်ပေးထားတဲ့ အတိုက်အခံအုပ်စုက သူပုန်တွေနဲ့ လူထုကို တိုက်တွန်းကြောင်း ကြေညာချက်မှာ ထည့်သွင်းပြောဆိုခဲ့တာပါ။
သူပုန်တွေ မြို့တော်ကို စတင်ဝင်ရောက်လာချိန်မှာပဲ သမ္မတ အာဆတ် တိုင်းပြည်ကနေ ထွက်ခွာသွားပြီဖြစ်ကြောင်း ဆီးရီးယားစစ်ပွဲ စောင့်ကြည့် အကဲခတ်အဖွဲ့ အကြီးအကဲက ပြောဆိုလိုက်ပြီး နာရီပိုင်းအကြာမှာ ကြေညာချက် ထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။
လူပေါင်း ထောင်သောင်းချီ သေဆုံးပြီး၊ တိုင်းပြည်လူဦးရေ ၂၃ သန်းရဲ့ ထက်ဝက်လောက် နေရပ်စွန့်ခွာခဲ့ကြရတဲ့ ၁၄ နှစ်နီးပါးကြာ ပြည်တွင်းစစ်အတွင်း သမ္မတ ထွက်ပြေးရတဲ့အထိ သူပုန်တွေ ရုတ်တရက် ထိုးစစ်ဆင် အောင်ပွဲခံနိုင်ခဲ့တဲ့အပေါ်မှာတော့ မြို့တော်က လူထုကလည်း အံအားသင့်ခဲ့ကြပါတယ်။
Forum