ရွှေ့ပြောင်းဒုက္ခသည်တွေဟာ ဒီကနေ့ တနင်္လာနေ့မှာလည်း ဥရောပနိုင်ငံတွေကို ဆက်လက် ဝင်ရောက်နေကြပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ အနောက်ဥရောပက ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေဆီ ဒုက္ခသည်တွေ ရွှေ့ပြောင်းဝင်ရောက်မှုကို ကာကွယ်ဖို့ ဥရောပအလယ်ပိုင်း ဒေသနိုင်ငံတွေဘက်က အသင့်အနေထား ပုံစံတွေခဲ့ရပြီး အခုတော့ ဒုက္ခသည်တွေအတွက် ဟန်ဂေရီကို ဖြတ်ပြီးဝင်တဲ့လမ်းက ပိုပြီးချောမွေ့နေတာ ဖြစ်ပါတယ်။
Budapest မြို့ Keleti ဘူတာမှာ ရှိနေတဲ့ ဒုက္ခသည်တွေအတွက် ဟန်ဂေရီနိုင်ငံက သြစတြီးယားသွား ရထားအစီအစဉ်တွေကို အခု တင်ထားပေး နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ ဒီဘူတာရုံမှာ သြစတြီးယားကိုသွားချင်တဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကို ရဲတွေက မျက်ရည်ယိုဗုံးသုံး လူစုခွဲခဲ့တာပါ။
အခုတော့ သြစတြီးယားသွားရထားတွေမှာ ရွှေ့ပြောင်းဒုက္ခသည်တွေနဲ့အပြည့် တွေ့ရတယ်လို့ ကိုယ်တိုင်တွေ့ရသူက ပြောပါတယ်။
Vienna က West bah nhof ဘူတာကို ရောက်သွားတဲ့ ဒုက္ခသည်တွေကို သြစတြီးယား နိုင်ငံသားတွေက ကြိုဆိုခဲ့ကြပြီး သူတို့တွေ ဂျာမနီနိုင်ငံကိုသွားဖို့ ရထားအပြောင်းအလဲမှာ အဆင်ပြေအောင် သေသေချာချာ ကူညီ ညွှန်ပြကြတာပါ။ ဒုက္ခသည် တချို့တလေကတော့ သြစတြီးယားမှာ နေဖို့ ဆုံးဖြတ်ကြပါတယ်။
ရွှေ့ပြောင်း ဒုက္ခသည်အများအပြားဟာ ဂျာမနီမှာ ဆွေမျိုးတွေရှိနေတာမို့ သူတို့နဲ့ နေဖို့ခေါ်ကြတာဖြစ်ပါတယ်။ ဥရောပမှာ အချမ်းသာဆုံးဖြစ်တဲ့ ဂျာမနီနိုင်ငံကတော့ ဂျာမနီလူမှုအသိုင်းဝိုင်းထဲ လာရောက်မယ့်ဒုက္ခသည်တွေကို လက်ခံရာမှာသုံးဖို့ လာမယ့်နှစ်အတွက် လူမှုရန်ပုံငွေ ၆.၆ ဘီလျံ အပိုထပ်ဆောင်းမယ်လို့ ဒီကနေ့ တနင်္လာနေ့မှာပဲ ပြောပါတယ်။ ရွှေ့ပြောင်းဒုက္ခသည် ရှစ်သိန်းလောက်ကို လက်ခံဖို့ဆန္ဒရှိကြောင်း ဂျာမနီအစိုးရက ပြောပါတယ်။