သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းနိုင်ဖို့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပ


 ပြည်ထောင်စုလွှတ်တော် မြင်ကွင်း (Pyidaungsu Hluttaw)
ပြည်ထောင်စုလွှတ်တော် မြင်ကွင်း (Pyidaungsu Hluttaw)

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းနိုင်ဖို့ ပထမဆုံးအကြိမ် အစည်းအဝေးကို ဖေဖော်ဝါရီလ ၈ ရက်၊ သောကြာနေ့က ကျင်းပပါတယ်။ ပူးပေါင်း ကော်မတီကို ပြည်ထောင်စုလွှတ်တော်က ကိုယ်စားလှယ်တွေနဲ့ အချိုးကျဖွဲ့စည်းဖို့ ပြည်ထောင်စုလွှတ်တော် နာယကက ပြောပါတယ်။ အစည်းအဝေး တက်ရောက်တဲ့ ကိုယ်စားလှယ်တွေထဲမှာတော့ တူညီတဲ့ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းဖို့ ဆွေးနွေးသူတွေ ရှိပါ တယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါ တယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းနိုင်ဖို့အတွက် မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၄ က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဇန်နဝါရီလ ၂၉ ရက်နေ့မှာ အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ မဲခွဲအတည်ပြုခဲ့တာဖြစ်ပါတယ်။

ပူးပေါင်းကော်မတီ ဖွဲ့စည်းနိုင်ဖို့အတွက် ပထမဆုံးအကြိမ်အစည်းအဝေးကို သောကြာ နေ့က ကျင်းပရာမှာ ၂၀၁၃ ခုနှစ် က ဖွဲ့စည်းခဲ့တဲ့ လူ ၁၀၉ ဦးပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီနဲ့ ၂၀၁၄ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ၃၁ ဦးပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီတို့ရဲ့ လူဦးရေ များလွန်းတာနဲ့ နည်းလွန်းတဲ့အခြေအနေကို သင်ခန်းစာယူ ဖွဲ့စည်းဖို့ အစည်းအဝေး အဖွင့် အမှာစကားမှာ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောကြားခဲ့ပါတယ်။

ဒီအခြေအနေကို ရှောင်ရှားမယ်လို့လည်း ဦးတီခွန်မြတ်က ပြောပါတယ်။

“အခုတကြိမ်မှာတော့ဖြင့် မနည်းလွန်း မများလွန်းတဲ့ ကိုယ်စားလှယ်အရေအတွက် ၄၅ ဦးနဲ့ ဖွဲ့စည်းရန် လျာထားပါတယ်။ ပူးပေါင်းကော်မတီဥက္ကဋ္ဌအဖြစ် ပြည်ထောင်စု လွှတ်တော် ဒုတိယဥက္ကဋ္ဌကို တာဝန်ပေးအပ် သွားမှာဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်တို့မှ ကိုယ်စားလှယ်ဦးရေ တူညီစွာနဲ့ ၂၂ ဦးစီ ပါဝင်နိုင်ဖို့ လျာထားပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ၂၂ ဦးအနက် ဒုတိယ လွှတ်တေ်ာဥက္ကဋ္ဌက ရာထူးအရ ပါဝင်မှာဖြစ်ပြီး ပူးပေါင်းကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်သွား မှာဖြစ်ပါတယ်။ ကျန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၁ ဦးနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၂ ဦး တို့ကို ပြည်ထောင်စု လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီ ၁၄ ခုမှ ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းဆောင်ရွက်မှာ ဖြစ်ပါတယ်။ ”

ပူးပေါင်းကော်မတီဖွဲ့စည်းရခြင်းရဲ့ ဦးတည်ချက်၊ သက်တမ်း၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ လုပ်ထုံးလုပ်နည်းနဲ့ ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေကို တာဝန်ယူဆောင်ရွက်ရမှာတွေနဲ့ ပတ်သက်ပြီး ပထမအကြိမ် လွှတ်တော် သက်တမ်းမှာ ဆောင်ရွက်ခဲ့တာတွေကို အခြေပြုပြီး သတ်မှတ်မှာဖြစ်ကြောင်းလည်း ဦးတီခွန်မြတ်က အဖွင့် အမှာစကားမှာ ထည့်ပြောသွားပါတယ်။ ဒါ့အပြင် အားလုံး ပူးပေါင်းလုပ်ဆောင်ကြဖို့ တိုက်တွန်းတဲ့ သဘောမျိုး ပြည်ထောင်စုလွှတ်တော်နာယကက ပြောသွားပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့လည်း လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံတော်ရဲ့အရေး၊ ငြိမ်းချမ်းရေးကိစ္စ၊ စီးပွားရေးနဲ့ လူမှုရေးအခြေအနေတို့အပေါ် မူတည်ပြီး ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ပါတီစွဲမထားကြဘဲ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ ကောင်းကျိုးကို ဦးတည်ပြီး သင့်လျော်တဲ့ အကြံပြုချက်များရရှိ ဆောင်ရွက်စေဖို့ ဝိုင်းဝန်းဆွေး နွေးစေဖို့ မိမိအနေနဲ့ ဖိတ်ခေါ်ခြင်းဖြစ်ပါတယ်။”

နိုင်ငံရေးပါတီတွေနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ အချိုးအဆ အသေးစိတ် သတ်မှတ်ချက်ကို ဒုတိယ နာယ ဦးထွန်းထွန်းဟိန်က ဆက်လက်ရှင်းလင်းပြီး ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်ရုံးကတဆင့် နာယကထံကို ဒီလ ၁၁ ရက်နေ့ တနင်္လာနေ့ ညနေ ၃ နာရီ နောက်ဆုံးထား စာရင်းပေး သွင်းဖို့ မူလက သတ်မှတ်ခဲ့ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပျော်ဘွယ်မဲဆန္ဒနယ်က လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ၄၅ ဦးကို အချိုးအစားအရ သတ်မှတ်တဲ့အပေါ်မှာ ပြင်ဆင်ဖို့ ဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။

“အချိုးကျဆိုတဲ့ စကားလုံးက မျှတမှုသိပ်မရှိဘူးပေါ့။ အလုပ်တခုကို ဆုံးဖြတ်မယ် ဆိုရင် တော့ အင်အားတူညီဖို့ လိုတာပေါ့။ အခု သူတို့ ချိုးလိုက်တဲ့ အချိုးအရဆိုရင် NLD က ၂၀ နီးလောက်ဖြစ်သွားတယ်။ ကိုယ်တို့ပါတီဆို ၂ ယောက်ပဲပါတယ်။ ကျန်တဲ့ ပါတီတွေ ဆို ၂ ယောက်နဲ့ တယောက်ထက် မပိုဘူးပေါ့နော်။ ဒါကတော့ သူက ဂဏန်း သင်္ချာနည်းနဲ့ တွက် ချလိုက်တာ။ ဂဏန်းသင်္ချာနည်းနဲ့ တွက်တာကတော့ မှန်တယ်လို့ပဲ ပြောရမှာပေါ့။ သို့သော်လည်းပဲ နိုင်ငံရေးအရ အရေးကြီးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ပြင်ဖို့ဖွဲ့တဲ့ ကော်မတီဖြစ်တဲ့အတွက် မျှတဖို့ လိုတာပေါ့။ အဲဒါကြောင့်မို့ ၅ ယောက်ကို စံထားမလား၊ ၁၀ ယောက်ကို စံထားမလား။ ၁၀ ယောက်ကို စံထားရင်လည်းပဲ ၁၀ ယောက်ထက်ပိုတဲ့ လူလည်း ၁၀ ယောက်ပဲ၊ ၁၀ ရှိတဲ့လူလည်း ၁၀ ယောက်ပဲ၊ ၁၀ ယောက်အောက် ရှိတဲ့ လူတွေကလည်းပဲ ၉ ယောက်ရှိ ၉ ယောက် တက်၊ ၈ ယောက်ရှိ ၈ ယောက်တက်၊ တယောက်ရှိတယောက်တက်ဆို ဒီမူ မကောင်းဘူးလားလို့ ဒီလို အကြံပြုတာပါ။ ဒီဟာနဲ့ ပတ်သက်လို့တော့ မဆုံးဖြတ်သေးပါဘူး။ ပြန်ပြီးတော့ ကိုယ့်ပါတီနဲ့ကိုယ် ဆွေးနွေးပြီးတော့ ဆုံးဖြတ်ပါလို့ ဒီလိုပြောထားပါတယ်။”

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေဘက်ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်ရာမှာ ဥပဒေနဲ့ အညီဆောင်ရွက်ဖို့၊ ပါတီတွေအကြားညှိနှိုင်းဆောင်ရွက်ဖို့ တင်ပြခဲ့သလို ဒီကနေ့ဆွေးနွေးတာတွေကို ပြန်လည် ညှိနှိုင်းဖု့ိရှိနေကြောင်းလည်း ဦးသောင်းအေးက ပြောပါတယ်။

တက်ရောက်လာတဲ့ အချို့ပါတီတွေကတော့ ကိုယ်စားလှယ် ၅ ဦးစီသတ်မှတ်ဖို့ တင်ပြခဲ့ တာတွေရှိသလို ဒီကနေ့ ဆွေးနွေးတာတွေကို မိမိပါတီမှာ ပြန်လည်တင်ပြဆွေးနွေးပြီးမှ ဆုံးဖြတ်လိုကြောင်း သဘောထား ပေးခဲ့ကြပါ တယ်။

ဒီလိုအခြေအနေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရေး အစည်းအဝေးကိုနောက်တပတ် ၁၅ ရက်နေ့ မှာ ပြန်လည်ဆွေးနွေးဖို့ သတ်မှတ်ခဲ့ကြ ပါတယ်။

XS
SM
MD
LG