သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 တာချီလိတ်မြို့ ရေကြီးရေလျှံမှု လျှပ်စစ်မီးနဲ့ဖုံးလိုင်းပြတ်တောက်​​​​​​​


တာချီလိတ်မြို့မှာ တလအတွင်း ၆ ကြိမ်ရေကြီးရေလျှံခဲ့စဥ်။ (ဩဂုတ် ၂၇၊ ၂၀၂၄)
တာချီလိတ်မြို့မှာ တလအတွင်း ၆ ကြိမ်ရေကြီးရေလျှံခဲ့စဥ်။ (ဩဂုတ် ၂၇၊ ၂၀၂၄)

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ မယ်ဆိုင်ချောင်းရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေပြီး အနိမ့်ပိုင်းနေရာတွေနဲ့ တချို့ရပ်ကွက်တွေမှာ နေအိမ် ရေမြုပ်တဲ့အထိ ကြုံတွေ့နေပါတယ်။ ရေကြီးရေလျှံလို့ လျှပ်စစ်မီးဖြတ်တောက်ထားပြီး ဖုန်းလိုင်းဆက်သွယ်ရေးလည်း ခက်ခဲနေလို့ အကူအညီလိုသူတွေကို အလျင်မီကယ်ထုတ်နိုင်အောင် ဆောင်ရွက်နေတယ်လို့သိရပါတယ်။ တာချီလိတ်မြို့မှာ ရေကြီးနေတဲ့အခြေအနေ ရန်ကုန်ဘက်က သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့မှာ မနေ့ညကတည်းက မိုးရွာသွန်းနေပြီး ဒီကနေ့မနက်ပိုင်းကစ ရေဆက်တိုက်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တာချီလိတ်မှာ မိုးရွာတာနဲ့ ရေကြီးရေလျှံတဲ့ဖြစ်စဉ်က ပြီးခဲ့တဲ့ဩဂုတ်လကတည်းက ခပ်စိပ်စိပ်ရှိနေတာပါ။ ပုန်းထွန်ရပ်ကွက်မှာလည်း နေအိမ်တော်တော်များများ ရေမြုပ်နေပြီး နှစ်ထပ်ရှိတဲ့နေအိမ်တွေဆို မိုးဆက်တိုက်ရွာတဲ့အရှိန်ကြောင့် အပေါ်ထပ်ထိ ရေတက်လာနေတယ်လို့ ရေဘေးသင့်နေသူတဦးက ပြောပါတယ်။

"မိုးကတော့ ရွာနေတုန်းပဲ။ ရေကတအားကြီးနေတော့ လာတော့မကယ်သေးဘူး။ ရေစီးသန်လို့ လာကယ်တဲ့လူတွေလည်း သူတို့လှေတွေ မှောက်တဲ့အခါကျတော့ သူတို့လာကယ်လို့မရ ဖြစ်နေတယ်။ အိမ်အောက်ထပ်က လုံးလုံးမြုပ်နေပြီ။ အိမ်က နှစ်ထပ်ရှိတာ ဒုတိယထပ်ကတော့ လှေကားနှစ်ထစ်လောက်ပဲ လိုတော့တယ်။ ညီမတို့လည်းတက်တော့မှာ။ဘေးအိမ်က တထပ်ပဲရှိတာ။ သူတို့က လုံးလုံးမြုပ်သွားတော့ ခေါင်မိုးပေါ်မှာပဲနေ နေရတယ်။ ရေကလည်း တအားစီးတယ်။ အခု ညီမတို့အိမ်ရဲ့ ဘေးပတ်လည်မှာဆို လုံးဝကို ရေပြင်ကြီးဖြစ်သွားတာ။"

နေအိမ်ရေမြုပ်လို့ အိမ်ခေါင်မိုးမှာတက်နေပြီး ကယ်ဆယ်ရေးလာမယ့် လှေတွေကိုမျှော်နေကြတယ်လို့ ပြောပါတယ်။တာချီလိတ်မှာ အခုတခေါက်ရေတက်တာ ပြီးခဲ့တဲ့ရက်တွေကထက် ပိုဆိုးလာတယ်လို့ ပြောပါတယ်။

"အခုမှ ပထမဆုံး ဒုတိယထပ်အထိ ရေတက်တာ။ အရင်အပတ်တွေတုန်းကလည်း ရေတက်တယ်။ အိမ်အောက်ထပ်လှေကား တထစ်၊ နှစ်ထစ် အဲလောက်ပဲ အများဆုံးရေတက်တာ။ ရေက အခုဒါနဲ့ဆိုတက်တာ ၉ ကြိမ်လောက် ရှိနေပြီ။အခုထိတော့ မိုးကမတိတ်သေးဘူး။ ရေလည်း ဆက်တိုက်တက်နေတယ်။ ထိုင်းဘက်တွေရော၊ ဒီနားရော အကုန်တက်တယ်။ မနေ့က ညကတည်းက ရွာနေတာ။ မနက်ခင်းလည်း တနေကုန် ညနေအထိ ရွာနေတုန်း။ မနေ့ညကတည်းက ရေကနည်းနည်းချင်းစီ တက်နေတာ။ မနက်ခင်း ၆ နာရီလောက်ရောက်တော့ အိမ်အောက်ထပ် မြုပ်သွားပြီ။"

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ၁ မှာလည်း ရေတက်နေတယ်လို့ သိရပါတယ်။ မိုးဆက်တိုက်ရွာနေလို့ ရေဘေးသင့်သူတွေ များလာနေပြီး အလျင်မီကယ်ဆယ်နိုင်အောင် ဆောင်ရွက်နေတယ်လို့ လုပ်အားပေးနေတဲ့ လူငယ်တဦးကလည်းပြောပါတယ်။

"ညနေ အခြေအနေကတော့ ပုန်းထွန်ဘက်ဆိုရင် တံတား ၁ အကျော်ဆိုရင် ခေါင်မိုးပါမြုပ်တယ်။ အခု ကျနော်တို့ကယ်ဆယ်ရေးသွားနေတာ တချို့ဆို ဖုန်းလိုင်းရော၊ မီးတွေလည်း ဖြတ်ထားတယ်။ ဖုန်းလိုင်းကလည်း လုံးဝမရဘူး။ချောင်းနဲ့နီးတဲ့အနိမ့်ပိုင်းတွေက အများဆုံး ရေမြုပ် တာပေါ့။ ရေတော်တော်ကြီးတာပေါ့။ အဓိက အများဆုံးကတော့ဆန်ဆိုင်းနဲ့ ပုန်းထွန်တို့ တာလော့ဘက်တွေ အဲဘက်တွေ အများဆုံးရေကြီး တာပေါ့။ အခုလောလောဆယ်တော့ အိပ်စရာနေရာ မရှိတဲ့သူတွေအတွက် ကျနော်တို့ လိုင်းခန်းအဆောင်မှာ ကူညီပြီး နေရာစီစဉ်ပေးနေတယ်။"

မယ်ဆိုင်ချောင်းရေကလည်း ဒီကနေ့မနက် အစောပိုင်းကတည်းက စိုးရိမ်ရေမှတ်ကို ကျော်လွန်ခဲ့ပြီး ဆက်တိုက်တယ်နေတယ်လို့ ပြောပါတယ်။

"မိုးက မတရားပြန်သည်းလာတာ။ ခုနက တော်သေးတယ်။ အခုက မိုး မတရားသည်းပြီးတော့ ရေက တံတား ၁ ဆိုရင်ချောင်းဆိုရင် စိုးရိမ်ရေမှတ်အထက်ကို ခန့်မှန်းခြေ ကျနော်တို့ လည်ပင်းလောက်ဆိုတော့ ၅ ပေလောက်အထိကို စိုးရိမ်ရေမှတ် ကျော်နေပြီ။ ထပ်ကို မကျသေးဘူး။ တောက်လျှောက်ပဲ တက်နေတယ်။ ဒီထက်လည်း ထပ်တက်ဖို့ပဲရှိတယ်။မိုးကမတိတ်ဘူး။"

မိုးဇလက ခန့်မှန်းထားတဲ့ မနက်ဖြန်မနက်အထိ နေရာကွက်ပြီး မိုးကြီးမယ့်အထဲမှာ တာချီလိတ်မြို့လည်း ပါဝင်ပါတယ်။ မိုးရွာတာနဲ့ ရေကြီးရေလျှံ ကြုံတွေ့နေရတဲ့ တာချီလိတ်မှာ စက်တင်ဘာလ ၁၀ ရက်၊ ဒီကနေ့မှာတော့ချစ်ကြည်ရေးတံတား အမှတ် ၁၊ အဝိုင်းပတ်နဲ့ အနီးဝန်းကျင်က ရပ်ကွက်တွေအပြင် အနိမ့်ပိုင်းနေရာတွေမှာပါ နေအိမ်ရေမြုပ်တဲ့အထိ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Forum

XS
SM
MD
LG