ထိုင်ဝမ်ရဲ့ထိပ်တန်း နိုင်ငံရေးပါတီကြီး နှစ်ခုက၂ဝ၁၆ သမ္မတလောင်းအတွက် အမျိုးသမီးတယောက်စီကို အသီးသီး ရွေးချယ်လိုက်ကြပါတယ်။ ဒါဟာ အမျိုးသမီးတွေရဲ့ဦးဆောင်မှုကို သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် လက်ခံလိုက်တာဖြစ်ပါတယ်။ လောလောဆယ် အာရုံစိုက်စရာဖြစ်နေတဲ့ တရုတ်-ထိုင်ဝမ် ဆက်ဆံရေးနဲ့ပတ်သက်ပြီး အတိုက်အခံပါတီတွေကြား မတူတဲ့အမြင်သဘောထားတွေကို မီးမောင်းထိုးပြလိုက်တာလည်း ဖြစ်ပါတယ်။
ထိုင်ဝမ်ရဲ့လက်ရှိအာဏာရ National Partyက တနင်္ဂနွေနေ့က Hung Hsiu-chu ကို ဇန်နဝါရီရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံဖို့ ရွေးချယ် လိုက်ပါတယ်။ တရုတ်နိုင်ငံနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကိုထောက်ခံသူလည်းဖြစ်တဲ့ မစ္စ Hung ဟာ ကျောင်းဆရာမဟောင်းတယောက်လည်းဖြစ်သလို လွှတ်တော်ရဲ့ဒုဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ တရုတ်နိုင်ငံနဲ့ဆက်ဆံရေးအပေါ် သတိကြီးကြီးထားတဲ့ အတိုက်အခံ Democratic Progressive Party ဘက်ကတော့ ပါတီ ခေါင်း ဆောင် Tsai Ing-wen ကို ပြိုင်ဘက်သမ္မတလောင်းအဖြစ် ဝင်ရွေးချယ်လိုက်ပါတယ်။ ၂ဝ၁၆ ဇန်နဝါရီ ရွေးကောက်ပွဲအကြို ကောက်ယူတဲ့စစ်တမ်းအရ Tsai ကရှေ့က ဦးဆောင်နေပါတယ်။
၂ဝဝ၈ ခုနှစ်ကတည်းက အေးစက်ပေမယ့်လည်း ရင်းနှီးမှုရှိတဲ့ တရုတ်နိုင်ငံနဲ့ဆက်ဆံရေးဟာ ရွေးကောက်ပွဲအကြို အကြောင်းအရာ ဖြစ်လာနေပါတယ်။ ၁၉၈ဝ ကတည်းက ဒီမိုကရေစီစနစ်ကျင့်သုံးခဲ့တဲ့ ထိုင်ဝမ်မှာ အမျိုးသမီးသမ္မလောင်းကို ရွေးချယ်ခဲ့တာမရှိခဲ့သလို့ ပါတီကြီးနှစ်ရပ်လုံးက ထောက်ခံ ပေးတာမျိုးလည်း မရှိခဲ့ပါဘူး။