သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်ဝမ်ကို ကန်လက်နက်ရောင်းချမှု တရုတ်ကန့်ကွက်


တိုင်ဝမ်မြောက်ပိုင်း နယူးတိုင်ပေမြို့ကမ်းရိုးတန်းအနီး ကုန်းမြေကျူးကျော်စစ်ဆန့်ကျင်ရေး တိုင်ဝမ်စစ်တပ်ရဲ့ နှစ်စဥ်စစ်ရေးလေ့ကျင့်မှုများ။ (ဇူလိုင် ၂၇၊ ၂၀၂၃)
တိုင်ဝမ်မြောက်ပိုင်း နယူးတိုင်ပေမြို့ကမ်းရိုးတန်းအနီး ကုန်းမြေကျူးကျော်စစ်ဆန့်ကျင်ရေး တိုင်ဝမ်စစ်တပ်ရဲ့ နှစ်စဥ်စစ်ရေးလေ့ကျင့်မှုများ။ (ဇူလိုင် ၂၇၊ ၂၀၂၃)

တိုင်ဝမ်ကို ဒေါ်လာ ၃၄၅ သန်းဖိုးစစ်ရေးအကူအညီပေးဖို့ ကြေညာလိုက်တဲ့အတွက် အမေရိကန်ဟာ တိုင်ဝမ်ကို လက်နက်သိုလှောင်ရုံအဖြစ် ပြောင်းလဲနေတယ်လို့ တရုတ်က စွပ်စွဲလိုက်ပါတယ်။ တချိန်တည်းမှာပဲ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ တိုင်ဝမ်ကလည်း သူတို့ကမ်းလွန်ကို တရုတ်ရေတပ်သင်္ဘော ၆ စီး ဝင်ရောက်ခဲ့တယ်လို့ တနင်္ဂနွေနေ့က ပြောပါတယ်။

တရုတ်က သူတို့ပိုင်နက်အဖြစ် ပြောဆိုနေတဲ့တိုင်ဝမ်ကို စစ်ရေးအထောက်အပံ့ပေးနေတဲ့အပေါ် ကန့်ကွက်ကြောင်း စနေနေ့က ကြေညာချက်တစောင်ထုတ်ခဲ့တာပါ။​ တိုင်ဝမ်အနေနဲ့ အခွန်ထမ်းပြည်သူတွေရဲ့ ငွေကြေးကို ဘယ်လောက်သုံးသုံး၊ အမေရိကန်လက်နက်တွေ ဘယ်လောက်များများ မိမိတို့ရဲ့တိုင်ဝမ်ပြဿနာဖြေရှင်းရေး ဆုံးဖြတ်ချက်ကို ထိခိုက်စေမှာမဟုတ်ဘူး၊ အမိနိုင်ငံပြန်လည်ပေါင်းစည်းရေး ခိုင်မြဲသောဆန္ဒကိုလည်း ရိုက်ခတ်စေမှာမဟုတ်ဘူးလို့ လည်း တရုတ်အစိုးရရဲ့ တိုင်ဝမ်ရေးရာ ပြောခွင့်ရ Chuan Binhua က ပြောပါတယ်။
သူတို့ရဲ့လုပ်ရပ်ဟာ တိုင်ဝမ်ကို ယမ်းတွေထည့်ထားတဲ့စည်ပိုင်းနဲ့ လက်နက်ဂိုဒေါင်အဖြစ် ပြောင်းလဲပြီး တိုင်ဝမ်ရေလက်ကြားစစ်ပွဲဖြစ်အောင် ခြိမ်းခြောက်နေတာဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တရုတ်စစ်တပ်ဟာ မကြာသေးမီနှစ်တွေအတွင်း တိုင်ဝမ်ကိုပစ်မှတ်ထားတဲ့ စစ်ရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့အနေနဲ့ တိုင်ဝမ်ကျွန်းပတ်လည်မှာ တိုက်လေယာဥ်တွေ၊ စစ်သင်္ဘောတွေ စေလွှတ်ခဲ့ပါတယ်။

Democratic Progessive Party ဦးဆောင်တဲ့တိုင်ဝမ်အစိုးရဟာလည်း တရုတ်ကျူးကျော်မှုဟန့်တားရေးမှာ တစိတ်တပိုင်းအဖြစ် အမေရိကန်လက်နက်တွေကို တိုးမြှင့်ဝယ်ယူနေတာပါ။ တရုတ်ပြည်နဲ့တိုင်ဝမ်တို့ဟာ ၁၉၄၉ ပြည်တွင်းစစ်ကာလအတွင်း တကွဲတပြားစီဖြစ်သွားခဲ့ပြီး တိုင်ဝမ်ဟာ တရုတ်ကွန်မြူနစ်ပါတီအုပ်ချုပ်မှုအောက် တခါမှမရောက်ရှိခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG