သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်ပေနဲ့ ဆက်ဆံရေးဖြတ်တောက်ဖို့ El Salvador ဆုံးဖြတ်


ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုတာကို လက်ခံအသိအမှတ်ပြုတဲ့အနေနဲ့ El Salvador နိုင်ငံက ထိုင်ဝမ်နဲ့ သံတမန် အဆက်အဆံ ဖြတ်တောက်လိုက်ပြီး အင်္ဂါနေ့က တရုတ်နိုင်ငံနဲ့ သံတမန်ဆက်ဆံရေး စတင်လိုက်ပါတယ်။

အင်္ဂါနေ့မှာ El Salvador နိုင်ငံခြားရေးဝန်ကြီး Carlos Castaneda ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီနဲ့ အဲဒီလို ဆောင်ရွက်ဖို့ သဘောတူညီချက်ကို ဘေဂျင်းမြို့တော်မှာ လက်မှတ်ရေးထိုးလိုက်တာပါ။ အခုလို ဆက်ဆံရေး ကဏ္ဍသစ်ဖွင့်လှစ်နိုင်ခဲ့တာကြောင့် El Salvador လူထုအနေနဲ့ အကျိုးအမြတ်တွေ ခံစားရလိမ့်မယ်လို့လည်း ဝန်ကြီး ဝမ်းရီက ပြောပါတယ်။

El Salvador သမ္မတ Salvador Sanchez Ceren ကလည်း ဒါဟာ ဖြစ်ရိုးဖြစ်စဉ်အတိုင်း လျှောက်လှမ်းရမယ့် လမ်းဖြစ်တာကြောင့် သူ့အစိုးရအနေနဲ့ လမ်းကြောင်းမှန်အတိုင်းလျှောက်ဖို့ ပထမခြေလှမ်းကို စလိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ El Salvador ဟာ Dominican ပြည်သူ့သမ္မတနိုင်ငံနဲ့ အနောက်အာဖရိကနိုင်ငံဖြစ်တဲ့ Burkina Faso နိုင်ငံပြီးရင် ထိုင်ဝမ်နဲ့ အဆက်အဆံဖြတ်ပြီး တရုတ်နဲ့ ဆက်ဆံရေး ကဏ္ဍသစ် ဖွင့်လှစ်လိုက်တဲ့ တတိယမြောက် နိုင်ငံဖြစ်တာကြောင့် အခုအခါမှာ ထိုင်ဝမ်ကို အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ် ပြုထားတဲ့ ဆင်းရဲနွမ်းပါးတဲ့နိုင်ငံ ၁၇ နိုင်ငံသာ ကျန်ပါတော့တယ်။

ထိုင်ဝမ်သမ္မတ Tsai Ing-we ကတော့ သူတို့အနေနဲ့ ဘယ်လို ဖိအားမျိုးကိုမှ အရှုံးပေးမှာ မဟုတ်ဘူးလို့ အင်္ဂါနေ့ မနက် သတင်းစာ ရှင်းလင်းပွဲမှာ တုံ့ပြန်ပြောကြားလိုက်ပြီး ကိုယ်ပိုင် အုပ်ချုပ်ပိုင်ခွင့်ကို ထိန်းသိမ်းဖို့ ပို စိတ်ပိုင်း ဖြတ်မိတယ်လို့ ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Wu ကလည်း ငွေကြေးနဲ့ မက်လုံးပေးပြီး ထိုင်ဝမ်ကို နိုင်ငံတကာကနေ အထီးကျန်ဖြစ်အောင် ဆောင်ရွက်နေတဲ့အပေါ် ရည်ညွှန်းပြီး တရုတ်နိုင်ငံရဲ့ ငွေနဲ့ ဝယ်ယူတဲ့ သံတမန်အခင်းအကျင်းအပေါ် မနေ့ မနက်ပိုင်းက ပြစ်တင်ဝေဖန်လိုက်ပါတယ်။ El Salvador နိုင်ငံဟာ ဆိပ်ကမ်းစီမံကန်းတခုအတွက် ထိုင်ဝမ်အနေနဲ့ အကူအညီပေးဖို့ တောင်းဆိုနေခဲ့တာဖြစ်ပြီး ထိုင်ဝမ်ကတော့ ဒီစီမံကိန်းဟာ စီးပွါးရေးအရ ရေရှည်ထိန်းထားဖို့ မလွယ်ကူဘူးလို့ ရှုမြင်ထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG