သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်ငလျင် ၂၀ ခန့်သေ ၁၀၀ ကျော်ပျောက်ဆုံး


ထိုင်ဝမ်ကျွန်းရဲ့ အနောက်တောင်ဘက်မှာ စနေနေ့က လှုပ်ခတ်သွားတဲ့ အင်အားပြင်း ငလျင်ကြောင့် ပျက်စီးနေတဲ့ အပျက်အစီးပုံတွေကြားမှာ အသက်ရှင် ကျန်ရစ်သူ ရှိ မရှိ၊ ထောင်ချီတဲ့ ကယ်ဆယ်ရေး လုပ်သားတွေ ကြိုးစား ရှာဖွေနေကြပါတယ်။

စနေနေ့ အာရုံမတက်ခင် လှုပ်ခဲ့တဲ့ ငလျင်ဟာ ပြင်းအား ၆.၄ ရှိပြီး လူပေါင်း ၂ သန်း လောက်နေတဲ့ Tainan မြို့မှာ သေဆုံးရသူက ၁၇ ဦးထက်မနဲ ရှိနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသူအများစုဟာ အထပ် ၁၇ ထပ်ရှိတဲ့ အဆောက်အဦး တခုထဲက ဖြစ်ပါတယ်။ ဒီအဆောက်အဦးဟာ လုံးဝ ပြားပြားဝပ် ပြိုကျခဲ့တာဖြစ်ပြီးနောက် တပိုင်းတစ ပြိုကျနေတဲ့ အဆောက်အဦး ၂ ခုကိုတော့ အောက်ခြေကနေ ယိုင်နေတာ တွေ့ရပါတယ်။ ဒီအဆောက်အဦးတွေရဲ့ အောက်ပိုင်း အထပ်တွေမှာ တန်ချိန် ရာချီတဲ့ ကွန်ကရစ်တွေ၊ သံမဏိတွေ ပြိုကျနေတာပါ။

ငလျင်လှုပ်ချိန်က အဲဒီအဆောက်အဦးတွေထဲမှာ လူပေါင်း ၂၅၀ လောက် ရှိနေတယ်လို့ ခန့်မှန်းရပါတယ်။

ထိုင်ဝမ်အစိုးရ ဗဟိုသတင်းဌာနကတော့ တနင်္ဂနွေနေ့ အစောပိုင်းအထိဆိုရင် လူပေါင်း ၅၀၀ လောက် ဒဏ်ရာရခဲ့ပြီးနောက် ၁၅၀ လောက် ပျောက်ဆုံးနေတာ တွေ့ရတယ်လို့ ပြောပါတယ်။ ဒီအထဲမှာ ကလေးငယ်တွေလည်း အတော်များများ ပါနေတယ်လို့ ဆိုပါတယ်။

Kao hisung ဒေသ Meinong အရပ်မှာ ဗဟိုပြုတဲ့ မြေတိမ်ငလျင်ဟာ တိုင်ဝမ်စံတော်ချိန် စနေနေ့ မနက် ၄ နာရီ မထိုးခင် လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်ကြောင့် Tainan မြို့နားတဝိုက်က အဆောက်အဦး ၉ လုံး ပျက်စီးခဲ့တယ်လို့ CAN သတင်းဌာနက ပြောပါတယ်။ ဒါဇင်နဲ့ ချီတဲ့ အဆောက်အဦးတွေလည်း စိတ်မချရတဲ့ အဆင့်ရောက်သွားတယ်လို့ ကြေညာခဲ့တာမို့ စနေနေ့မှာ ဆိုင်တွေ၊ ဘဏ်တွေနဲ့ တခြား ဌာန အဆောက်အဦးတွေကို ပိတ်ထားရပြီး ဘေးလွတ်ရာကို အစုလိုက် အပြုံလိုက် ရွှေ့ပြောင်းစေခဲ့တာပါ။

XS
SM
MD
LG