သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်လေယာဉ်ပျက် ၂၀ ကျော်သေ


လူပေါင်း ၅၈ ယောက် လိုက်ပါလာတဲ့ ထိုင်ဝမ်လေကြောင်းလိုင်းက ခရီးသည်တင် လေယာဉ်တစင်းဟာ ဒီကနေ့ အစောပိုင်းမှာပဲ တိုင်ပေမြို့တော်အပြင်က တံတားတစင်းကို ဝင်တိုက်မိပြီး အနီးနားက မြစ်ထဲကို ပျက်ကျခဲ့တဲ့အတွက် လူ ၂၃ ယောက် ထက်မနည်း သေဆုံးသွားတဲ့အကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

TransAsia လေကြောင်းလိုင်းက လေယာဉ် ATR-72 ဟာ ၉၀ ဒီဂရီလောက်စောင်းပြီး ပျံသန်းလာရာက အတောင်ပံနဲ့ တံတားကို ဝင်တိုက်ပြီး Keelung မြစ်ရဲ့ ရေတိမ်ပိုင်းမှာ ပျက်ကျခဲ့တာကို အင်တာနက် လူမှုကွန်ယက်တွေမှာ တွေ့ခဲ့ကြရတာပါ။ အနီးအနားက အဆောက်အဦး အမြင့်တွေကိုတော့ ကပ်လွတ်ပြီး မြစ်ထဲထိုးကျသွားခဲ့တဲ့ လေယာဉ် ပျက်က ပုံတွေကိုလည်း တွေ့ရပါတယ်။

ရေထဲမှာ တဝက်တပျက် ပေါ်နေတဲ့ လေယာဉ်ပျက်က ခရီးသည်တွေကိုတော့ ကယ်ဆယ်ရေးလှေတွေနဲ့ ဘေးလွတ်ရာ ကယ်ထုတ်ပေးခဲ့ကြပါတယ်။ ပျောက်ဆုံးနေသူတွေ ရှိနေဆဲ ဖြစ်တဲ့အတွက်လည်း သေဆုံးသူ အရေအတွက် ပိုများမှာကို ထိုင်ဝမ်အာဏာပိုင်တွေ စိုးရိမ်နေကြတာပါ။

TransAsia လေကြောင်းလိုင်းရဲ့ အမှုဆောင် အရာရှိချုပ် Chen Xinde ကတော့ လေယာဉ် မတော်တဆမှုအတွက် တောင်းပန်စကား ပြောကြားခဲ့ပါတယ်။ တိုင်ပေမြို့တော် အနီးအနားမှာရှိတဲ့ Kinmen ကျွန်းကို ဦးတည်ပြီး Sungshan လေဆိပ်ကနေ လေယာဉ်ထွက်ပြီး မကြာခင်မှာပဲ မတော်တဆမှုနဲ့ ကြုံခဲ့ရတာပါ။

ရာသီဥတု သာသာယာယာ အခြေအနေမှာ လေယာဉ် မတော်တဆမှု ဖြစ်ခဲ့ရတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ထိုင်ဝမ်လေကြောင်း အာဏာပိုင်တွေကတော့ လေယာဉ်ရဲ့ သက်တမ်းဟာ တနှစ်တောင် မပြည့်သေးသလို၊ ဇန်နဝါရီလ ၂၆ ရက်နေ့ကမှ နောက်ဆုံးအကြိမ် ဘေးကင်းလုံခြုံမှုအတွက် စစ်ဆေးထားတယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG