သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ် သမ္မတ ဒုတိယသက်တမ်း ဆက်


ထိုင်ဝမ်သမ္မတ မာရင်ဂျောင်း (Ma Ying-jeou) ရဲ့ စီးပွားရေးပေါ်လစီတွေကို ဆန့်ကျင် ကန့်ကွက်သူ ထောင်ပေါင်းများစွာ ဒီကနေ့ တိုင်ပေမြို့မှာ ချီတက် ဆန္ဒပြနေချိန်မှာပဲ သမ္မတ မာရင်ဂျောင်းဟာ သူ့ရဲ့ ဒုတိယ သမ္မတသက်တမ်းအတွက် ဒီကနေ့ပဲ ကျမ်းသစ္စာ ကျိန်ဆိုပါတယ်။

လျှပ်စစ်မီး ဈေးတွေ တိုးမြင့်ကောက်ခံဖို့ စီစဉ်နေတာနဲ့ ခန္ဓာကိုယ်ကြီးထွားအောင် ဆေးကျွေး မွေးမြူထားတဲ့ အမဲသားတွေ အမေရိကန်က တင်သွင်းမယ့် သမ္မတရဲ့ အစီအစဉ်ကို ကန့်ကွက်ကြောင်းနဲ့ အခုဆန္ဒပြကြသူ အရေအတွက်ဟာ တစ်သိန်းလောက် ရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်း အဓိက အတိုက်အခံ နိုင်ငံရေးပါတီကြီးဖြစ်တဲ့ ဒီမိုကရက်တစ် တိုးတက်ရေးပါတီက ပြောပါတယ်။ သတင်းမီဒီယာတွေမှာတော့ ဒီဆန္ဒပြပွဲမှာ လူ ထောင်ပေါင်းများစွာ ပါဝင်တယ်လို့ပဲ ဖော်ပြကြပါတယ်။

တရုတ်ပြည်မကြီးနဲ့ ချစ်ကြည် ရင်းနှီးမှုရရှိအောင် လုပ်ဆောင်မယ်ဆိုတဲ့ ပေါ်လစီနဲ့ ၂၀၀၈ ခုနှစ်မှာ ရွေးကောက် တင်မြောက်ခံခဲ့ရတဲ့ သမ္မတ မာရင်ဂျောင်းဟာ သူ့ရဲ့ သမ္မတ ပထမသက်တမ်းအတွင်း ပြည်မကြီးနဲ့ သံတမန်ရေး၊ စီးပွားရေးဆိုင်ရာတွေမှာ တိုးတက်မှု ရရှိဖို့ ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။

ချန်ကေရှိတ် ဦးဆောင်တဲ့ အမျိုးသားရေးဝါဒီတွေကို မော်စီတုန်းဦးဆောင်တဲ့ ကွန်မြူနစ်ပါတီတွေက ပြည်မကြီးကနေ တိုက်ထုတ်ပစ်လိုက်ပြီးနောက် ထိုင်ဝမ်နဲ့ ပြည်မကြီးတို့ ၁၉၄၉ ခုနှစ်မှာ ကွဲသွားခဲ့တာပါ။ တရုတ်ပြည်မကြီး ကတော့ ထိုင်ဝမ်ကျွန်းကို သူတို့ ပိုင်ဆိုင်ကြောင်း အခုချိန်ထိ ပြောဆိုနေဆဲ ဖြစ်ပြီး ထိုင်ဝမ်ကျွန်း ပြည်မကြီးအောက် ပြန်ရောက်လာရေးအတွက် လိုအပ်ရင် အင်အားသုံး ရယူသွားမယ်လို့ ပြောဆိုထားပါတယ်။

XS
SM
MD
LG