ရန်ကုန် လှိုင်သာယာ စက်မူဇုန် (၃) တိုင်ယီ ဖိနပ်စက်ရုံက မြန်မာ အလုပ်သမား ၂,၀၀၀ ကျော်ဟာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။ အလုပ်သမားတွေ အနေနဲ့ အခြေခံလုပ်အားခ နည်းပါးတာကြောင့်ရော၊ ပြီးခဲ့တဲ့လက လစာ ဖြတ်တောက် ခံရတာတွေအတွက် မကျေနပ်လို့ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဒီ ဆန္ဒပြပွဲ ပြီးဆုံးသွားပြီလား၊ အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြား ဘယ်လို ညှိယူခဲ့ကြသလဲ ဆိုတာကို စုံစမ်းထားတဲ့ မအေးအေးမာက တင်ပြထားပါတယ်။
ဇန်နဝါရီလအတွင်းမှာ အလုပ်ပိတ်ရက်တွေ များတယ်ဆိုပြီး လုပ်အားခထဲက ကျပ်ငွေ တစ်သောင်းကျော် ဖြတ်တောက်ခံရတာကို အကြောင်းပြုပြီး အလုပ်သမားတွေ ဆန္ဒပြမှုတွေ ဖြစ်ခဲ့ရကြောင်း ဆန္ဒပြ အလုပ်သမားတွေ အရေး ဆောင်ရွက်နေသူ တစ်ဦးက ပြောပြပါတယ်။
“ပြီးခဲ့တဲ့ ဇန်နဝါရီလက ရုံးပိတ်ရက် ၅ ရက်ရှိတယ်။ လွတ်လပ်ရေးနေ့ အပါအဝင် ၅ ရက် ရှိတယ်။ တရုတ်နှစ်သစ်ကူး ပွဲတော် ဖြစ်လို့ဆိုပြီး လုပ်ငန်း အလုပ်ရှင်ကနေပြီးတော့ ၅ ရက်ပိတ်တယ်။ အခု ဒီ လကုန်လို့ ငွေရှင်းတဲ့ အခါကျတော့ ငွေရှင်းတယ်ဆိုတာက လကုန်ပြီး ၅ ရက်ကနေ ၇ ရက် အတွင်း ရှင်းတတ်တယ်။ အဲဒီ ငွေရှင်းတဲ့ အခါကျတော့ အလုပ်ပိတ်ရက် များလို့ ဆိုပြီးတော့ တယောက်ကို ၁ သောင်း၊ ၁ သောင်း ၂ ထောင် အဲလို ဖြတ်တယ်။ ဖြတ်ချလိုက်တယ်။ အဲလို ဖြတ်လိုက်တော့ တဘက်က အလုပ်သမားတွေမှာ ဘာပြဿနာတွေ ရှိလဲ ဆိုတော့ သူတို့ လုပ်ခဲ့တဲ့ လစာလေးက စားလို့လောက်ရုံပဲ။ အခု ဒီလထဲမှာ ပြီးခဲ့တဲ့ လကစပြီးတော့ သူတို့နေတဲ့ အဆောင်တွေမှာ အဆောင်စာရိတ်တွေ တက်တယ်၊ ထမင်းစာရိတ်တွေ တက်တယ်။ အဲလို အခက်အခဲတွေ ဖြစ်တယ်။ သူတို့ဒီ ကြွေးယူထားတဲ့ ကိစ္စတွေ ဘာတွေ အဲလို ကိစ္စတွေ အများကြီး ရှိတယ်။ ဒီပိုက်ဆံနဲ့ သူတို့ ဘယ်လိုမှ လှည့်လို့ ပတ်လို့ ရပ်တည်လို့ မရတော့ဘူး။ အဲတော့ ဒီလို ကိစ္စတွေကတော့ လုပ်ခ လစာ ဖြတ်တောက်တိုင်း ဖြတ်တောက်တိုင်း စက်မှုဇုန်မှာ အလုပ်သမား ဆန္ဒပြမှုတွေ ဖြစ်တာ အဓိကကတော့ သူတို့ စားဝတ်နေရေး လုံး၀ ရပ်တည်လို့ မရလို့ ဖြစ်တာ။ ဒီ လုပ်ခလစာ အပေါ်မှာ မကျေနပ်တာပေါ့။ ဒီပေါ်မှာ ညှိနှိုင်းပြီး သွားတာ။ အဓိက ဒီသဘောပဲ။”
ဆန္ဒပြတာကတော့ မနက်ပိုင်း ၇ နာရီကျော် အချိန်လောက်က စပြီး အလုပ်မဆင်းဘဲ စက်ရုံရှေ့မှာ စုရုံးခဲ့တာဖြစ်ကြောင်း၊ အလုပ်သမားတွေ အနေနဲ့ တောင်းဆိုတာက အခြေခံလစာ တိုးပေးဖို့၊ တစ်နာရီကို ၇၅ ကျပ်ကနေ ကျပ်ငွေ ၂၅၀ ထိ တိုးပေးဖို့ တောင်းဆိုခဲ့တယ်လို့လည်း အလုပ်သမား တစ်ဦးက ပြောပြပါတယ်။
“လိုချင်တဲ့ဟာ တောင်းတာလေ။ အခြေခံ လစာတောင်းတာလေ။ အဲဒါ မရသေးဘူး။ တနာရီကို ၇၅ ကျပ် ၂၅၀ တောင်းတာ အခြေခံ လစာ အရမ်းနည်းတယ် ပေါ့နော်။ အလုပ်မလုပ်ဘဲနဲ့ ပြန်လာကြတာ။”
အလုပ်သမားတွေအနေနဲ့တခြား မကျေနပ်မှုတွေ ရှိနေကြောင်း သူတို့ကို အလုပ်ရှင်က ခြိမ်းခြောက်မူတွေ လုပ်နေတယ်လို့လည်း ခံစားရကြောင်း ဆန္ဒပြ အလုပ်သမားအရေး ဆောင်ရွက်နေသူက ပြောပြပါတယ်။
“စက်ရုံတွေထဲမှာ ဘာလဲ ဆိုတော့ ထိခိုဒဏ်ရာရတဲ့ ကိစ္စတွေ ဆိုလည်း ထိထိရောက်ရောက် လုပ်ပေးတာ ဘာညာ မရှိဘူး။ ပိုဆိုးတာ အလုပ်သမားတွေ မကျေနပ်တာ ဇန်နဝါရီလဆန်းပိုင်းမှာ အမေရိကန် နိုင်ငံရဲ့ ကိုယ်စားလှယ်က ဗမာပြည် အလုပ်သမား စက်ရုံတွေ လာမယ်ဆိုပြီး စက်ရုံတွေမှာ သတင်းဖြန့်တယ်။ ဖြန့်ပြီးတော့ အဲဒီ ရက်ပိုင်းမှာ အဲဒီ လာမယ့် တစ်ရက် နှစ်ရက် လောက်မှာ အဲဒီ စက်ရုံထဲမှာ သောက်ရေအိုးတွေ ဘာတွေက အစပေါ့ဗျာ စုတ်ပြတ်နေတဲ့ဟာတွေ အကုန်လုံး အသစ်တွေ အကုန်လဲပေးတယ် စက်ရုံပိုင်ရှင်က။ အဲဒီနေ့မှာပဲ နိုင်ငံခြားသား လူဖြူ တစ်ယောက်လာတယ်ပေါ့ဗျာ။ အမေရိကန် နိုင်ငံကလို့ ပြောတယ်ပေါ့။ စကားပြန်ကတဆင့် အလုပ်သမားတွေကို စကားပြောတယ်။ ပြောတော့ ဘာပြောလဲ ဆိုတော့ အလုပ်သမားတွေ အနေနဲ့ ဆန္ဒပြခွင့် မရှိဘူး။ ဆန္ဒပြမယ် ဆိုလို့ ရှိရင် ဥပဒေအရ အရေးယူလို့ ရတယ်။ အဲတော့ အလုပ်သမားတွေက ကိုယ့်ရဲ့ အခက်အခဲတွေကို လေဘာရုံးကို တင်ပြရမယ် ဆိုပြီး ဒီလူက ပြောတယ်ဆိုပြီး စကားပြန်ကနေ ပြန်ပြောပြတယ်ပေါ့ဗျာ။ အလုပ်သမားတွေက ဒီကိစ္စကို စက်ရုံပိုင်ရှင်ဘက်က အကြံအဖန်လုပ်တယ် ဆိုပြီး ထင်ကြတယ်။ ဒါကိုလည်း မကျေနပ်ကြဘူး။ ခုန အဲဒီလူလာတော့ လဲထားတဲ့ ပစ္စည်းတွေ ဘာတွေက အဲဒီလူပြန်တော့ အကုန်သိမ်းပစ်လိုက်တယ်။ အဲလို မကျေနပ်ချက်တွေလည်း ရှိတယ်။ တကယ်ဆို အဲဒီလူပြောတဲ့ အတိုင်းလည်း ဟုတ်ချင်မှ ဟုတ်မှာ ပေါ့ဗျာ။ စကားပြန်က သူပြန်ချင်သလို ပြန်နေတာလည်း ဖြစ်နိုင်တာပေါ့။ အလုပ်သမားတွေက ဒါကို မယုံဘူး။ ပြီးတော့ အသားလွတ်ကြီးလာပြီးတော့ ခြိမ်းခြောက်သလို ဖြစ်တော့ လက်မခံဘူး။ မကျေနပ်ကြဘူးပေါ့ဗျာ။ ဒါတွေလည်း ရှိနေတယ်။ ”
တိုင်ယီ ဖိနပ်စက်ရုံဟာ ပြီးခဲ့တဲ့နှစ်ကလည်း ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီး အခြေခံလစာ တိုးပေးဖို့ တောင်းဆို ခဲ့ရာမှာ အလုပ်သမားတွေ တောင်းဆိုတဲ့အတိုင်း မရရှိဘဲ အနည်းငယ် တိုးပေးရုံနဲ့ ကျေနပ်ခဲ့ရကြောင်း၊ လက်ရှိမှာတော့ အလုပ်သမားတွေဟာ အခြေခံလစာ အပါအဝင် မနက် ၇ နာရီကျော် ကနေ ည ၉ နာရီကျော်အထိ အလုပ်လုပ်ရပေမဲ့ တစ်လလုံးမှ ကျပ်ငွေ ၅ သောင်းကနေ ၆ သောင်း ထိသာ ရပြီး လစာငွေ ဖြတ်တောက်ခံရတာတွေဟာ အဆင်မပြေ ဖြစ်ရကြောင်းတွေကိုလည်း ပြောသွားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်ယီ ဖိနပ်စက်ရုံကို ဆက်သွယ်တဲ့အခါမှာဆက်သွယ်လို့ မရခဲ့ပါဘူး။