တာလီဘန်တွေနဲ့ ဆွေးနွေးနိုင်ရေး ငြိမ်းချမ်းရေး ကောင်စီတရပ် ဖွဲ့စည်းလိုက်တဲ့အကြောင်း အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်း က ကြေညာလိုက်ပါတယ်။
အဆင့်မြင့် ငြိမ်းချမ်းရေး ကောင်စီကို ဖွဲ့စည်းနိုင်ခဲ့တာဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ထူးကဲသိသာတဲ့ ခြေလှမ်းတရပ် ဖြစ်ပါတယ်လို့ သမ္မတ ကာဇိုင်းရဲ့ရုံးက စနေနေ့က ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဂျီဟတ်ဒ် အစွန်းရောက် ခေါင်းဆောင်တွေ၊ သြဇာတိက္ကမ ရှိသူတွေနဲ့ အမျိုးသမီးတွေပါဝင်မယ့် ကောင်စီဝင်တွေရဲ့ အမည်စာရင်းကို နောက်ပိုင်းမှာ ထုတ်ပြန်မယ်လို့ အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။
မနှစ်က ဇွန်လအတွင်း ကာဘူးမြို့မှာ ကျင်းပခဲ့တဲ့ အမျိုးသား ငြိမ်းချမ်းရေးညီလာခံမှာ တက်ရောက်ခဲ့ကြတဲ့ အာဖဂန် ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေက ဒီအဆင့်မြင့် ငြိမ်းချမ်းရေးကောင်စီ ဖွဲ့စည်းဖို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။
ဒီစီမံချက်ထဲမှာ အကြမ်းဖက်မှုကို စွန့်လွှတ်ဖို့ ဆန္ဒရှိသူ၊ အကြမ်းဖက် ကွန်ယက်နဲ့ လုံး၀ အဆက်အသွယ် ဖြတ်ဖို့ စိတ်ပိုင်း ဖြတ်ထားသူ လက်နက်ကိုင် သူပုန်တွေကို ငွေကြေးပံ့ပိုးရေး၊ အလုပ်အကိုင် နေရာချထားပေးရေး စတာတွေကို ကမ်းလှမ်းမယ့် အစီအစဉ်တွေ ပါဝင်ပါတယ်။ သမ္မတ ကာဇိုင်းကတော့ ဒီကောင်စီ ဖွဲ့စည်းရေးဟာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် အကောင်းဆုံး မဟာဗျူဟာပဲလို့ ပြောနေချိန်မှာ တာလီဘန်တွေက စိတ်ဝင်စားမှုမဆို သလောက်ကိုသာ ပြသနေတာတွေ့ရပါတယ်။
နိုင်ငံတဝန်း အကြမ်းဖက် တိုက်ခိုက်တာတွေ တိုးလာပြီး တနေ့တည်း လူ ၁၀ ဦးသေဆုံးချိန်မှာ ဒီကြေညာချက် ထုတ်ပြန်ခဲ့တာပါ။