သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တမူးမြို့ အကြမ်းဖက်ဖြိုခွဲမှု ၇ နှစ်ကလေးငယ်သေဆုံး


tamu တမူးမြို့
tamu တမူးမြို့

ZawGyi/Unicode

စစ်အုပ်ချုပ်မှုဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေကို တပ်တွေက ဒီနေ့လည်း ပစ်ခတ်ဖြိုခွဲခဲ့တဲ့အတွက် တမူးမြို့မှာ အသက် ၇ နှစ်အရွယ် ကလေးငယ် တဦးသေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း ၈၀ ထက်မနည်းသေဆုံးခဲ့တဲ့ ပဲခူးမြို့မှာ သေဆုံးသူတွေရဲ့ အလောင်းတွေကို မိသားစုဝင်တွေ အခကြေးငွေပေးပြီး ရွေးယူနေရပါတယ်။ ဒီအကြောင်းတွေအပါအဝင် နိုင်ငံတဝန်း ဆန္ဒပြပွဲတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။

ဒီကနေ့ မတ်လ ၁၂ ရက်နေ့မှာလည်း မြန်မာနိုင်ငံက ဒေသစုံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ပြုလုပ်ကြပါတယ်။ အိန္ဒိယ နိုင်ငံနယ်စပ်နဲ့ကပ်လျက်ရှိတဲ့ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့က ဆန္ဒပြသူတွေကို မနက်ပိုင်းက စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် လမ်းပေါ်က အသက် ၇ နှစ်အရွယ် ကလေးငယ်တဦးသေဆုံးခဲ့ပါတယ်။ တမူးမြို့ထဲမှာရှိတဲ့ ပုဂ္ဂလိကဆေးရုံတခုထဲကိုလည်း တပ်တွေဝင်ရောက်ပြီး ဝန်ထမ်းတွေကိုပါ ရိုက်နှက်ခဲ့တယ်လို့ မြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“ပထမဦးဆုံးပေါ့လေ မနက်မိုးလင်းကတည်းက အင်အား အလုံးလိုက်အရင်းလိုက်နဲ့ သူတို့ဝင်လာတယ်။ တချို့သောရပ်ကွက်တွေ ကြားထဲ မှာဆိုရင် ကျနော်တို့ ခံတပ်ဆောက်ထားတာတွေရှိတယ်ပေါ့။ အဲ့ခံတပ်တွေအားလုံး ဖြိုတယ်ပေါ့လေ။ သူတို့ပထမဆုံး ဝင်စီးတဲ့နေရာက စန္ဒကူးဆိုတဲ့ တမူးမြို့ပေါ်က ရပ်ကွက်ပေါ့လေ။ အဲ့ရပ်ကွက်ကို အင်အားအလုံးလိုက်နဲ့ လမ်းတောက်လျှောက် ပစ်သွားတာမျိုးတွေရှိတယ်။ အဲ့စန္ဒကူးကထွက်လာပြီးတော့ မြို့ပေါ်မှာ Grace ဆိုတဲ့ ပုဂ္ဂလိက ဆေးရုံကြီးတခုရှိတယ်။ အဲ့ဆေးရုံကြီးကို သူတို့ အင်အားနဲ့ပဲဝင်တယ်။ ဝင်ပြီးတဲ့အခါ အဲ့အထဲမှာရှိတဲ့ နက်စ်မတွေပေါ့ သူနာပြုတွေကို ရိုက်နှက်ပြီး ပစ္စည်းတွေ ယူတာတွေရှိတယ်။ အချို့ဆို ငွေကြေးတွေ ယူသွား တာက အစရှိတယ်။ လမ်းတောက်လျှောက်ကို အိမ်တွေကို မဲမဲမြင်ရာလိုက်ပစ်တဲ့အနေအထားမျိုးတွေရှိတဲ့အခါမှာ အခုဆိုရင် ၇ နှစ် အရွယ်ရှိတဲ့ ကလေးမလေးတယောက်- သူကတော့ လမ်းမပေါ်ထွက်လာပြီး ဈေးလာဝယ်တာဝယ်တဲ့အချိန်မှာ အကြမ်းဖက်စစ်အုပ်စုဘက်က ပစ်ချလိုက်တဲ့အချိန်မှာ ပွဲချင်းပြီး သေသွားတယ်ပေါ့လေ။ မနက်တုန်းကလည်း ဂေါ်ရခါးလူမျိုးတယောက်-သူက ဆိုင်ကယ်နဲ့မောင်းလာတယ် လမ်းမပေါ်မှာ အကြမ်းဖက် စစ်အုပ်စုဘက်ကပဲ တားဆီးမေးမြန်းပြီးတဲ့အခါကျ သူက့ို ဖမ်းဆီးချုပ်နှောင်လိုက်တာ တယောက်ရှိတယ်။ နောက်တယောက်က Grace Hospital ကို ဝင်ရောက် စီးနင်းပြီးတဲ့အခါမှာ အဲ့ဒီထဲမှာ ရှိနေတဲ့ ကလေးတယောက်ကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ဖြစ်ရပ်မျိုးတော့ရှိတယ်။ ပြည်သူတယောက်ကျဆုံးတယ်ဆိုပြီး အတည်ပြုလို့ရတာက ခုနက ကလေးတယောက်ပဲ ရှိပါသေးတယ်။”

တမူးမြို့ကိုလာတဲ့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ကို မြို့ခံတွေက ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်က ခုခံတိုက်ခိုက်ခဲ့လို့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဘက်က ဒုရဲမှူးအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အဲဒီအဖြစ်အပျက် ဖြစ်ခဲ့ပြီးနောက် တပ်ဖွဲ့ဝင်တွေဘက်က အင်အားထပ်ဖြည့်ပြီး ပစ်ခတ်တာတွေ လုပ်နေတာလို့ မြို့ခံတွေက ပြောပါတယ်။

ဧပြီလ ၉ရက်နဲ့ ၁၀ ရက်က တပ်တွေရဲ့ အင်အားသုံး ပစ်ခတ် ဖြိုခွဲမှုကြောင့် ၈၅ ယောက်ထက် မနည်းသေဆုံးခဲ့တဲ့ ပဲခူးမြို့မှာ သေဆုံးသူ တွေရဲ့ ရုပ်အလောင်းတွေကို အခကြေးငွေပေးပြီး ထုတ်ယူခိုင်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ တချို့ကလည်း ကြောက်ကြတဲ့အတွက် အလောင်းတွေကို သွားမရွေးကြသေးပါဘူး။

“တချို့ အသိုင်းအဝိုင်း နီးစပ်ရာရှိတဲ့သူမျိုး ဥပမာ သူတို့ရဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက လက်ရှိစစ်ကောင်စီက ခန့်ထားတဲ့အုပ်ချုပ်ရေးမှူးမျိုး ဖြစ်နေတယ်။ သူတို့ပါဝင်ကူညီနေတဲ့ အလောင်းမျိုးကြရင် အဆင်ပြေပြေ ထုတ်လို့ရသွားတာရှိတယ်။ ကျန်တဲ့သူတွေကျရင်တော့ တရားဝင် လာရွေးတဲ့သူတိုင်းကို ၁ သိန်း ၂ သောင်းလို့ အဲ့ဒါ တိတိကျကျ သိထားပါတယ်။ တချို့ကျတော့လည်း သွားရွေးကာကျမှ နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ကြောက်ပြီးတော့ ကိုယ့်မိသားစုထဲကအလောင်း ပါနေတာသိနေပေမယ့်လည်း မရွေးကြတဲ့သူတွေလည်း ရှိပါတယ်။”

ခုလိုအခြေအနေကြားမှာပဲ ပဲခူးမြို့မှာ ဒီနေ့လည်း လမ်းပေါ်ထွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

“ဒီကနေ့ ပဲခူးအခြေနေက ဆန္ဒပြပွဲ ဆက်တိုက်ရှိတာကတော့ ကျနော်တို့ ပျောက်ကြားပုံစံမျိုး အနောက်ခြမ်းဘက်မှာ ၄၅ မိနစ် ၁ နာရီလောက် ထွက်တယ်။ ပြီးတော့ ပြန်သိမ်းတယ်။ အဲ့လိုပုံစံလေးတွေ ထွက်နေတာ ရှိပါတယ်။ အကြာကြီးတော့ လမ်းလျှောက်လို့မရဘူး။ ဆန္ဒပြပွဲ ထိုင် သပိတ်ပြလို့မရဘူး။ ဘာလို့လဲဆိုတော့ သေချာပေါက် ပစ်ခတ်နှိမ်နင်းမှာဖြစ်တဲ့အတွက် အလဟဿ အသက်သေဆုံးမှုတွေ ဖြစ်မှာစိုးလို့ပါ။ တချို့လမ်းတွေရဲ့ အရံအတား အများကြီး အကြီးကြီးတွေတော့ မဟုတ်ဘူး၊ အသေးလေးတွေ လိုက်ဖယ်တယ်။ နောက် စလောင်းဗန်းတွေ သိမ်းတဲ့ကိစ္စရှိတယ်။”

ပဲခူးမြို့မှာ ပစ်ခတ် သတ်ဖြတ်တဲ့ကိစ္စအပေါ် နိုင်ငံတကာကလည်း ဝေဖန်ပစ်တင်နေပြီး ဒဏ်ရာရသူတွေ ဆေးကုသခွင့်ပေးဖို့ ကုလသမဂ္ဂက လုံခြုံရေးတပ်ဖွဲ့တွေကို တောင်းဆိုထားပါတယ်။

စစ်တပ်နဲ့ရဲတပ်ဖွဲ့ကို အပြန်အလှန်ပစ်ခတ်ပြီး ခုခံခဲ့လို့ ၁၁ ဦးအထိ သေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့အနီးက တိုက်နယ် ကျေးရွာတွေမှာ လူထုက ပျောက်ကြားသပိတ်တွေ ပြုလုပ်ပြီး စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်နေပါတယ်။

“တန့်ဆည်ကနေ မြောက်သွားတဲ့ နားသတ်ကြီးရွာမှာပြနေလို့ သတင်းရလို့သွားတော့ ဟိုက ပြီးသွားပြီတဲ့။ နောက်တခါ လမ်းဆုံကနေ အနောက်ထွက်တဲ့ ကံထူးမဘက် ပြနေတာ။ သူတို့လည်းရောက်ရော ပြီးကော။ အဲ့လိုတွေဖြစ်နေတာ သူတို့ကို မျက်လှည့်ပြသလို ဖြစ်နေတာပေါ့။”

စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုတွေဟာ ပစ်ခတ်မှုတွေကြားမှာ အားမလျော့သွားဘဲ မန္တလေးမြို့မှာ တပ်ပေါင်းစုသပိတ်၊ မြတောင် သပိတ်၊ ပျောက်ကြားသပိတ်ဆိုပြီး ပုံစံအမျိုးမျိးနဲ့ ပြုလုပ်နေသလို မုံရွာမြို့မှာလည်း ဆန္ဒထုတ်ဖော်မှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။

ဒါ့အပြင် စစ်ကိုင်းမြို့မှာလည်း တရုတ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပုံစံတွေပြုလုပ်ခဲ့သလို အတာအိုးတွေမှာ စစ်ကောင်စီဆန့်ကျင်ရေး စာသားတွေရေးသားပြီး လူမဲ့သပိတ်တွေပြုလုပ်ခဲ့ကြပါတယ်။

စစ်အာဏာသိမ်းခဲ့ပြီးနောက်စစ်ကောင်စီက မိုဘိုင်းဖုန်းအင်တာနက်အပြင် ဝိုင်ဖိုင် အင်တာနက်တွေကိုဖြတ်တောက်ထားတာကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့က အင်တာနက် မရရှိတဲ့ ရပ်ကွက်တွေကို ကချင်ပြည်နယ် လူထုလှုပ်ရှားမှု စာစဉ်ဆိုပြီး စာရွက်တွေ ဖြန့်တဲ့ လှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ မြစ်ကြီးနား မြို့ခံတဦးက အခုလိုပြောပြပါတယ်။

“စာစဉ်ဆိုတာ အင်တာနက် မရလို့ KSCM ဆိုတဲ့နာမည်နဲ့ လူငယ်တွေစာစဉ်ထုတ်တာပေါ့နော်။ အဲ့မှာ သပိတ်စစ်ကြောင်းနဲ့ပတ်သက်တဲ့ ကချင်ပြည်နယ်အတွင်းက အကြောင်းတွေရယ် တော်လှန်ရေးနဲ့ ပတ်သက်တဲ့ လူထုကိုနှိုးဆော်တဲ့ စာတွေရယ်ပေါ့နော်။ မြစ်ကြီးနားမြို့မှာ လိုက်ဝေတာပေါ့။ တနိုင်ငံလုံးက ဝိုင်ဖိုင်နဲ့ရတာဆိုတော့ မြစ်ကြီးနားမြို့မှာ ဝိုင်ဖိုင်တပ်တဲ့သူက မြို့ပေါ်ကျတဲ့သူနဲ့ နည်းနည်းလက်လှမ်းမှီတဲ့ သူလောက်ပဲ ဝိုင်ဖိုင်ကရနိုင်တာဆိုတော့ အောက်ခြေအထိ လူတွေနဲ့ အဆက်အသွယ်မပြတ်အောင်ဆိုပြီး စာစဉ်ထုတ်တာပေါ့။ အခု ကျနော်တို့သိရသလောက် PSI စလောင်းက Mizzima – DVB တို့ပါ ပိတ်ချနေပြီပေါ့နော်။ အဲ့ဒါကြောင့် လူထုနဲ့ပတ်သက်ပြီး သတင်းမှန်ကို စစ်အာဏာရှင်ကျဆုံးရေးနဲ့ ပတ်သက်ပြီး သတင်းမှန်ကို ရောက်သွားစေချင်လို့ပေါ့။ နောက်သတင်းအမှားတွေ မြဝတီ MRTV ပဲ ကြည့်ပြီးတော့ လူထုက ကြောက်ရွံ့မနေဘဲနဲ့ ငါတို့ပြည်သူလူထုတွေ ဘယ်လောက်ထိ အနိုင်ရနေပြီဆိုပြီး လူထုနဲ့အဆက်အသွယ် မပြတ်ချင်လို့ လူငယ်တွေက စာစောင်စတင်ထုတ်ဝေတာပေါ့နော်။”

အာဏာသိမ်းထားတဲ့တပ်တွေဘက်က ဆန္ဒပြမှုတွေကို အင်အားသုံး နှိမ်နှင်းကိုင်တွယ်နေပေမဲ့ မြန်မာနိုင်ငံတဝန်း မြို့စုံမှာ ဆန့်ကျင်ဆန္ဒပြမှုတွေကို ပုံစံမျိုးစုံနဲ့ ပြုလုပ်နေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


Unicode



















XS
SM
MD
LG