သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်းစစ်ပွဲတွင်း ပိတ်မိနေသူတချို့ ဝမ်းပျက်ဝေဒနာခံစားနေရ


တနိုင်းဒုက္ခသည်များ
တနိုင်းဒုက္ခသည်များ

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က တနိုင်းမြို့နယ်က တိုက်ပွဲကြားမှာ ပိတ်မိနေသူတွေကို သွားရောက် ခေါ်ယူနိုင်ဖို့အတွက် ပြည်နယ်အစိုးရဆီကို စာတင်ထားပြီး လောလောဆည် ပိတ်မိနေသူတွေဟာ ရိက္ခာပြတ်တာနဲ့ ဝမ်းလျော ဝမ်းကိုက်ရောဂါ ဖြစ်ပွားနေတာကြောင့် အမြန်ဆုံး ကယ်ထုတ်နိုင်ဖို့ လိုအပ်နေ ကြောင်း ပြောပါတယ်။ တနိုင်းမြို့နယ်အတွင်း ပိတ်မိနေသူတွေရဲ့ နောက်ဆုံး အခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဟုတ်ကဲ့။ ကချင်ပြည်နယ် တနိုင်းမြို့နယ်က နမ့်ကွမ်းမှော်မှာ ပိတ်မိနေသူတွေထဲက လူ ၁၇၀၀လောက် ထွက်လာနိုင်ခဲ့ပေမဲ့ လောလောဆည်မှာ လူ ၁၅၀၀လောက်ကျန်ရှိနေဆဲဖြစ်ပါတယ်။ သူတို့တွေဟာ ဇန်နဝါရီလ ၂၇ရက်နေ့တည်းက ပိတ်မိနေခဲ့တာကြောင့် အခုဆိုရင် ရက်သတ္တတပတ်နီးပါးကြာမြင့်လာပြီး အစားအစာ ပြတ်လပ်နေသလို အချို့တွေ ဝမ်းလျော ဝမ်းကိုက်ရောဂါတွေ ဖြစ်ပွားနေကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

ပိတ်မိနေသူတွေကို ကယ်တင်နိုင်ဖို့အတွက် တနိုင်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူ့လွှတ်တော်ဥက္ကဌဆီကို စာရေးပန်ကြားခဲ့သလို ဘာသာရေး ခေါင်းဆောင်တွေကလည်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှုးထံကို အကူအညီ တောင်းခံထားပါတယ်။

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ကလည်း ပိတ်မိနေသူတွေကို ကယ်ထုတ်နိုင်ဖို့အတွက် ကချင်ပြည်နယ် အစိုးရထံကို တင်ပြထားကြောင်း PCG က ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

“ ကချင်ပြည်နယ်အစိုးရဆီမှာပဲ ကျနော်တို့သွားရောက်ဖို့အတွက် စာတင်ထားတာပဲရှိပါသေးတယ်။ တခြား မဟုတ်ပါဘူး။ တခြားမဟုတ်ပါဘူး အဲဒီမှာ ပိတ်ဆို့နေတဲ့သူတွေကို သွားရောက်ခေါ်ယူဖို့အတွက်လေ။ အဲဒါ ခွင့်ပြုပေးဖို့အတွက်စာတင်ထားတာ။ မနေ့ကတင်ထားတာ အကြောင်းတော့ မပြန်သေးဘူးဗျ။ ”

ပိတ်မိနေသူတွေကို တပ်မတေ်ာက စစ်ဆေးပြီး ပြန်လွှတ်ပေးနေတာအစား အရင်ဆုံးထွက်ခွင့်ပေးပြီး တနိုင်းမှာဖြစ်ဖြစ် စစ်ဆေးမယ်ဆို ပိုပြီး မြန်ဆန်နိုင်ကြောင်းလည်း ဦးဂွမ်ဂျာက သုံးသပ်ပြောဆိုပါတယ်။

“ အဓိကကတော့ တကယ်ပဲ ပြည်သူလူထု ဒုက္ခရောက်နေတာကို တပ်ကနေပြီးတော့မှ သူတို့ရှိတဲ့ နေရာကနေပြီးမှ အမြန်ဆုံး ထွက်ခွင့်ပေးလိုက်ရင်ပေါ့။ အခုက ထွက်ခွင့်တော့ ပေးထားတယ်။ စစ်ဆေးတာတို့ ဘာတို့တော့ရှိတယ်လေ။ မှတ်ပုံတင်တို့ ဘာတို့စစ်ဆေးတဲ့အခါကျတော့ ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်း ဆိုတော့ နည်းနည်းချင်းနှောင့်နှေးနေတာတော့ ရှိတယ်။ အဲဒါမဟုတ်ဘဲနဲ့ တခါတည်းပြန်လွှတ်ပေးလိုက်ပြီးမှ တနိုင်းရောက်ခါနီးမှာ မြို့နဲ့ နီးတဲ့နေရာမှာ အားလုံးစစ်ဆေးရင်တော့ ပိုပြီးတော့မှ ထိရောက်မြန်ဆန်မယ်လို့ ကျနော်က အဲလိုပဲ မြင်တယ်လေ။ ”

လောလောဆည် စစ်ရှောင်တွေ ပိတ်မိနေတဲ့နေရာက ထွက်ခွာလာတဲ့အခြေအနေကို ကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကိုဆိုင်းခွန်က အခုလို ပြောပါတယ်။

“ဒီနေ့က အခြေအနေ ကောင်းလာပြီလို့ ပြောလို့ ရတာပေါ့။ လူက ၄၃၀ ပြန်ထွက်နိုင်တယ်တဲ့။ နောက် ရေကလည်း ရဲဘော်တွေက သုံးဘီးနဲ့ ခပ်ပြီးမှ ပို့ပေးတယ်တဲ့။ နောက်ပြီးတော့ ဒီက ပေါက်ဝမှာရောက်နေတဲ့သူက ထမင်းချက်ပြီးမှ လောက်တော့ မလာက်ဘူး။ ဒါပေမဲ့ အချိတ်အဆက် ရလာတယ်။ အခုလူက ၁၂၀၀လောက်ကျန်သေးတယ်တဲ့။ မိန်းမလည်း တော်တော်တော့ ပါသေးတယ်။ ”

မနေ့ကအထိ ဝမ်းလျော ဝမ်းကိုက်ဖြစ်နေသူ ၁၅ယောက်ကျော်ရှိကြောင်း ပြောပါတယ်။

တနိုင်းမြို့က ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ဦးနော်တောင်က မြို့နယ်အုပ်ချုပ်ရေးမှုး ရုံးကနေ ဆေးဝါးတွေ ပို့ဆောင်ဖို့ စီစဉ်နေကြောင်းလည်း ပြောပါတယ်။

“ လမ်းအတိုင်းမှာပဲ အဲဒီမှာပဲ အိပ် အဲဒီမှာပဲ စား၊ အပေ့ါအလေးသွားတာလည်း အဲဒီမှာပဲ ဆိုတော့ ကြာလာလို့ ရှိရင်တော့ သူတို့အတွက် ဝမ်းပျက် ဝမ်းကိုက်ရောဂါပေါ့ သူတို့အတွက် ဖြစ်လာတယ်ဆိုတဲ့ သတင်းကတော့ ကျနော်တို့ကို ပြန်ပြီး ပြောပြတာရှိပါတယ်။ အဲဒါကြောင့် ဒီမနက်တော့ မြို့နယ် ထွေအုပ်ကနေ ဆေးတွေဘာတွေ အဲဒီဖက်ကို ရောက်နိုင်အောင် ပို့မယ်လို့တော့ ဒီမနက်ပြောတာပဲ။”

ဒီရက်ပိုင်းတွေအတွင်းမှာ ဒုက္ခသည်တွေ နေထိုင်ရာနေရာမှာ တိုက်ပွဲမဖြစ်ပေမဲ့ အနီးအနားမှာတော့ လက်နက်ကြီးသံတွေ ကြားနေရကြောင်းလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖားကန့်လမ်းက ကားမိုင်းနဲ့မိုးကောင်းကြားမှာ အစိုးရတပ်မတော်နဲ့ ကချင် လွတ်လပ်ရေးတပ်ဖွဲ့ KIA အကြား တိုက်ပွဲပြင်းထန်ခဲ့သလို အစိုးရဖက်က လေကြောင်းကပါ တိုက်ခိုက်ခဲ့ရပါတယ်။ တချိန်တည်းမှာဘဲ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ တပ်မတော်ခေါင်းဆောင်တွေ တရုတ်နိုင်ငံမှာ တွေ့ဆုံကြောင်းလည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

XS
SM
MD
LG