သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနင်္သာရီတိုင်းဝန်ကြီးချုပ် အပေါ်တိုင်ကြားချက် NLD လက်ခံရရှိ


တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်

လုပ်ပိုင်ခွင့်ဆိုင်ရာ အလွဲသုံးစားလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်ထားတဲ့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အပေါ် တိုင်ကြားစာတစောင်ကို ဇန်နဝါရီလ ၂၄ ရက်၊ ကြာသပတေးနေ့ မှာ လက်ခံရရှိထားတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ပြောခွင့်ရတဦးက ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။ ဒီစာကို စိစစ်ပြီးတော့ ဆက်လက် လုပ်ဆောင် သွားမယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ရန်ကုန်မြို့ကနေ သတင်း ပေးပို့ထားပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်နဲ့ ပတ်သက်တဲ့ တိုင်ကြားစာကို လက်ခံရရှိထားပြီးပြီဆိုတာ NLD ပါတီဗဟို ပြောခွင့်ရ ဒေါက်တာမျိုးညွှန့်က အတည်ပြု ပြောဆိုတာပါ။ ဒါပေမယ့်လည်း စာပါအကြောင်းအရာ အသေးစိတ်ကိုတော့ မပြောပါဘူး။

“အခုဒီနေ့မှ ကျွန်တော့ဆီ တိုင်စာကရောက်တာပါခင်ဗျ။ အဲဒီတိုင်စာကိုနော် ခိုင်လုံမှုရှိမရှိ ကြည့်ရဦးမှာပါ။ အဲဒီတော့အရေးယူမယ်ဆိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ကတော့ အမှန်တကယ်ပဲ မှားယွင်းတာလား ဒါမှမဟုတ် ကျွန်တော်တို့ကို အလုပ်ရှုပ်အောင်ပဲ သတင်းတွေဖြန့်နေလားတော့ မသိပါဘူးဗျာ။ ကျွန်တော်တို့ကတော့ ပုံမှန်အတိုင်းပဲ ဆောင်ရွက်နေတာပါ။ တိုင်စာကို ကျွန်တော်ကိုပြန် analyse လုပ်ရဦးမှာပါ။”

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းမှာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ သရက်ချောင်းငါးလေလံနဲ့ တခြား ဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းတချို့ကို တနင်္သာရီတိုင်းဒေသကြီးအစိုးရ ခွင့်ပြုချက်နဲ့ ဆောင်ရွက်နေတဲ့ GGS ကုမ္ပဏီနဲ့ ဆက်စပ်တာ တွေ၊ ဆွေမျိုးနီးစပ်တော်စပ်သူကို ကိုယ်ရေးအရာရှိအဖြစ် ခန့်ထားတယ်ဆိုတဲ့ကိစ္စ စတာတွေနဲ့ပတ်သက်တဲ့ စွပ်စွဲချက်တွေကို ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် ရင်ဆိုင်နေရတာပါ။

GGS ကုမ္ပဏီက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးဖု့ိ တင်ဒါစာချုပ်ကို တိုင်းအစိုးရနဲ့သာချုပ်ခဲ့ပြီး စွမ်းအင်ဝန်ကြီးဌာနက ရွေးချယ်ခဲ့တဲ့ ကုမ္မဏီမဟုတ်တဲ့အပြင် စာချုပ်မှာ နေရာလွတ်ချန်ပြီး ချုပ်ဆိုခဲ့လို့ တိုင်းအစိုးရနဲ့ GGS ကုမ္ပဏီကိစ္စကို ပြည်ထောင်စု အဖွဲ့အစည်းတွေရဲ့ သဘောထားမှတ်ချက်တွေယူပြီး သမ္မတဆီ တင်ပြသွားမယ်လို့ လျှပ်စစ်စွမ်းအင် ဒုဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ဒီဇင်ဘာလ ၂၁ ရက်ကလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြောထားပါတယ်။

ဒီစာချုပ်ဟာ စာချုပ်အင်္ဂါရပ်နဲ့မညီတဲ့အတွက် ပျက်ပြယ်နေပြီဖြစ်ကြောင်း ပြည်ထောင်စု ရှေ့နေများနှင့် ဥပဒေအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးကြီးမြင့်က ပြောပါတယ်။

“သူကတော့ စာချုပ်ချုပ်တယ်ဆိုတာ ဥပဒေနဲ့ အညီချုပ်ရင်၊ ပွင့်ပွင့်လင်းလင်းဖြစ်တယ် မဖြစ်ဘူးဆိုတာ သူတို့နိုင်ငံရေးအပိုင်းပေါ့နော်။ ဥပဒေပိုင်းကျတော့ စာချုပ်တခုက စာချုပ်အင်္ဂါရပ်နဲ့ညီရမယ်။ စာချုပ်အင်္ဂါရပ်နဲ့မညီဘူးဆို အဲဒီစာချုပ်က အတည်မဖြစ်ဘူး ပျက်တာပေါ့။ အဲဒါကတော့ ဥပဒေအပိုင်းပဲလေ။ သူ့ဆွေမျိုး ဟုတ်တယ်မဟုတ်ဘူဆိုတာကတော့ နိုင်ငံရေးအပိုင်းကို သူ့ပါတီကလုပ်လိမ့်မယ်လေ။ ဥပဒေအရတော့ အဲဒီစာချုပ်က ပျက်နေပြီပေါ့နော်။”

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးလုပ်ငန်းက လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းကိုပေးတဲ့ ဓာတ်ငွေ့ခွဲတမ်းထဲက ကုဗပေ ၂ သန်းကို တနင်္သာရီတိုင်းဒေသကြီးအစိုးရ ထောက်ခံချက်နဲ့ GGS ကုမ္ပဏီကို ခွဲပေးခဲ့တယ်ဆိုတာ ကိုလည်း လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးက ပြည်ထောင်စုလွှတ်တော်မှာပြောထားပါတယ်။

GGS ကုမ္ပဏီက အခွန်ရှောင်နေတာရှိသလို သဘာဝဓာတ်ငွေ့ဖိုးအတွက် ကျပ်ငွေသိန်းပေါင်း ၈ သောင်းကျော် နိုင်ငံတော်ကိုပေးရမယ့်ကြွေးကျန်လည်း ရှိနေတာပါ။

အခုတိုင်ကြားစာနဲ့ပတ်သတ်ပြီး NLD တနင်္သာရီတိုင်း အမှုဆောင်အဆင့်ဆင့်က မသိရသေးဘဲ ဗဟိုကိုတိုင်ကြားမှုသာ ဖြစ်ကြောင်း တနင်္သာရီတိုင်း NLD ပြန်ကြားရေးတာဝန်ခံ ဒေါ်မြရတနာသင်းကပြောပါတယ်။

“ကျွန်မတို့ အံ့သြတာပဲရှိပါတယ်။ ဗဟိုကိုတိုင်ရင်တော့ ကျွန်မတို့မသိဘူးနော် ဒေါက်တာမျိုးညွှန့်ဆီတိုင်စာရတယ်ဆိုတာ ဒေါက်တာမျိုးညွှန့်က လွှတ်တော်ကိုယ်စားလှယ်ဆိုင်ရာ တိုင်ကြားစာဌာနဆိုတော့ ဘယ်လိုပုံစံနဲ့ သူ့ကိုတိုင်တယ်ဆိုတာ ကျွန်မ မသိဘူးပေါ့ရှင့် ကျွန်မတို့ပါတီ အလုပ်အမှုဆောင် အဆင့်ဆင့်မှာတော့ ဒေါက်တာလဲ့လဲ့မော်နဲ့ ပတ်သတ်ပြီး ဝန်ကြီးချုပ်နဲ့ပတ်သတ်ပြီး တိုင်ထားတဲ့တိုင်စာမရှိပါဘူးရှင့်။”

ဆွေမျိုးနီးစပ်သူကို ကိုယ်ရေးအရာရှိ ခန့်ထားတာနဲ့ ပတ်သက်လို့တော့ ဒါဟာ ပါတီက ကန့်သတ်ထားတဲ့ကိစ္စဖြစ်နေတာမို့ ဥပဒေနဲ့ငြိစွန်းမှုမရှိဘဲ ပါတီကပဲ အရေးယူရမှာဖြစ်ကြောင်း ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။ ဒါပေမယ့်လည်း ဘယ်လို အရေးယူမှာလဲဆိုတဲ့ အတိအကျကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG