သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို အဂတိလိုက်စားမှုနဲ့ အရေးယူ အမှုဖွင့်


တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်

အဂတိလိုက်စားမှုတွေနဲ့ တိုင်ကြားခံထားရတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ အမှုဖွင့် အရေးယူလိုက်ပြီလို့ သိရပါတယ်။ လက်ရှိအားဖြင့်တော့ ဒေါက်တာလဲ့လဲ့မော် ဘယ်မှာရှိနေလဲဆိုတာ အတည်ပြုလို့မရသေးပေမယ့်၊ ဒေသတွင်း သတင်းတွေအရ သူ့ကို အကျယ်ချုပ်သဘော ထိန်းသိမ်းထားတယ်လို့ ယူဆရပါတယ်။

စုံစမ်းစစ်ဆေးချက်တွေအရ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ Global Grand Services (GGS) ကုမ္ပဏီက အမှုဆောင်ညွန်ကြားရေးမှုး ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့် အရေးယူဖို့ ထားဝယ်မြို့ မြို့မရဲစခန်းမှာ ကနဦးတိုင်ချက်ဖွင့်လိုက်ပြီလို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

ဒေါက်တာလဲ့လဲ့မော်ဟာ သူပိုင်တဲ့ သရက်ချောင်းမြို့နယ်တွင်းက အိမ်ခြံမြေကို မတန်တဆဈေးနဲ့ GGS ကုမ္ပဏီကို ရောင်းချပြီး၊ တဖက်မှာတော့ အပြန်အလှန်အားဖြင့် GGS ကုမ္ပဏီကို စီးပွားရေးလုပ်ပိုင်ခွင့်တွေ ပေးခဲ့တယ်လို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် ထားဝယ်တက္ကသိုလ်နဲ့ ထားဝယ်လေဆိပ် ချုံနွယ် ရှင်းလင်းရေး ကိုလည်း တင်ဒါမခေါ်ပဲ တဦးတည်းသဘောထားနဲ့ ဆုံးဖြတ်ဆောင်ရွက်ခဲ့ရာမှာ နိုင်ငံတော်ဘဏ္ဍာဆုံးရှုံးမှုတွေဖြစ်စေခဲ့တယ်လို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။

ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်နဲ့ အစိုးရတာဝန်ရှိသူအချို့ဟာ အဂတိလိုက်စားမှုကျူးလွန်ပြီး ၀န်ကြီးချုပ်လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုတယ်ဆိုပြီး တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေ ဒေသခံတွေရဲ့ တိုင်ကြားချက်အရ မြန်မာနိုင်ငံ အဂတိလိုက်စားမှုကော်မရှင်ကနေ အခု နှစ်ဆန်းပိုင်း စုံစမ်းမှုတွေစတင်ခဲ့တာပါ။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြီးခဲ့တဲ့လ တနင်္သာရီတိုင်း ခရီးစဉ်အတွင်းမှာလည်း ၀န်ကြီးချုပ်ကို တိုင်တန်းမှုတွေရှိခဲ့ပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ အခု ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ မြန်မာအစိုးရတာဝန်ရှိသူတွေဖက်ကတော့ တစုံတရာ မှတ်ချက်ပေး ပြောဆိုတာမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG