သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

တနင်္သာရီတိုင်းဒေသကြီး စိန်ခေါ်မှုတွေ အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ ဝန်ကြီးချုပ်အသစ်ဆို


တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင်

တနင်္သာရီတိုင်းဒေသအတွင်း အဓိက စိန်ခေါ်မှုတွေဖြစ်နေတဲ့ လျှပ်စစ်မီးကိစ္စ၊ မြေယာ ပဿနာတွေ နဲ့ သယံ ဇာတ ထုတ်ယူမှုဆိုင်ရာ ကိစ္စရပ်တွေကို ပြည်သူတွေအတွက် အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းပေး သွားမယ်လို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် အသစ် ဦးမြင့်မောင်က ပြောဆိုလိုက်ပါတယ်။ အဂတိ လိုက်စားမှု တိုင်ကြားချက်နဲ့ အရေးယူခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ရဲ့နေရာမှာ အစားထိုး ခန့်အပ်ခဲ့တဲ့ ဝန်ကြီးချုပ်သစ်အပေါ် ဒေသခံတွေရဲ့ မျှော်လင့်ချက်ကရော ဘယ်လိုရှိပါလဲ။ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

မတ်လ ၂၂ ရက်နေ့က အတည်ပြုခန့်အပ်လိုက်တဲ့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အသစ် ဦးမြင့်မောင် ဟာ ဒီကနေ့ဆို ဝန်ကြီးချုပ် တာဝန်ယူတာ တပတ်ရှိပါပြီ။ တနင်္သာရီတိုင်းဒေသကြီးရဲ့ အဓိက စိန်ခေါ်မှု ပြဿနာဖြစ်တဲ့ လျှပ်စစ်မီးနဲ့ မြေယာပြဿနာတွေကို ဝန်ကြီးချုပ်အနေနဲ့ အဓိက ကိုင်တွယ် ဆောင်ရွက်မယ်လို့ ဗွီအိုအေကို အခုလိုပြောပါတယ်။

"အဓိကကတော့ ဒီမှာက မြေယာပြဿနာရယ် လျှပ်စစ်မီးရယ် ပြီးရင် သယံဇာတ ထုတ်ယူတဲ့ အပိုင်းတွေရယ်။ ဒါတွေကို အဓိက ပြဿနာတွေနည်းနည်းနဲ့ ဆက်လက်ဆောင်ရွက်သွားဖို့ အဓိက လုပ်သွားဖို့တော့ရှိပါတယ်။ ကျွန်တော်တို့က လျှပ်စစ်မီးနဲ့ပတ်သက်ပြီးတဲ့အခါကျတော့ ဒီမှာက ပြဿနာက ကျန်တဲ့ပြည်မတွေနဲ့ မတူတဲ့ ဟာက မဟာဓာတ်အားလိုင်းမရှိဘူး။ ပြီးရင် ခရိုင်တခုနဲ့တခုက နာရီအများကြီးမောင်းရတာကို ဝေးတာပေါ့ နော်။ ဝေးတဲ့အခါကျတော့ Region Grip အနေနဲ့ပဲ ကျနော်တို့က ဆောင်ရွက်နိုင်တယ်။ အဓိကကတော့ ရင်းမြစ် ပြဿနာပေါ့နော်။ ရင်းမြစ်ရဲ့အပေါ်မှာ မူတည်ပြီးတော့ပဲ ဈေးကို အတိုင်းအတာတခုထိ ထိန်းချုပ်လို့ ရမယ်။ အမြဲတမ်းကြီး ထိန်းထားလို့မရဘူး။ ပုံမှန်ထိန်းထားလို့မရဘူး။ အဲ့ပြဿနာရှိတယ်။ အဲ့ပြဿနာရှိတော့ ကျနော်တို့က ပြန်ပြီးတော့ Review လုပ်ရမှာပေါ့နော်။ ဖြစ်နိုင်တဲ့ တည်ငြိမ်တဲ့ဈေးနဲ့ နှစ်ဘက်အဆင်ပြေနိုင်တဲ့ ဈေးပေါ့နော်။ အဲ့ဒါကိုပဲ အဓိကထားပြီးတော့ ပြန်ပြီးတော့ Review လုပ်ပြီးတော့ ဆောင်ရွက်သွားဖို့တော့ ရှိပါတယ်။"

ဝန်ကြီးချုပ်အသစ် ဦးမြင့်မောင်ဟာ အရင်က သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဖြစ်ပြီး လက်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုရင်ဆိုင်နေရတဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော် အရေးယူ ခံရပြီးနောက် ဝန်ကြီးချုပ်ဖြစ်လာသူဖြစ်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီးဒေသခံတွေကတော့ အရင်ဝန်ကြီးချုပ်မှားခဲ့တဲ့အမှားတွေအပေါ် သင်ခန်းစာယူပြီး ပြည်သူ့ အကျိုးကိုဆောင်ရွက်ပြီး ပြည်သူဘက်က ရပ်တည်ပေးဖို့ကို မျှော်လင့်နေပါတယ်။ မြိတ်မြို့ဒေသခံတဦး ကိုခင်မောင်သန်းက

"ဒီတက်လာတဲ့ဝန်ကြီးချုပ်အသစ်က ပြည်သူ့အကျိုးကိုဆောင်ရွက်တဲ့ ဝန်ကြီးချုပ်တယောက် ဖြစ်စေချင်တယ်။ အရင်လိုမျိုး NLD အစိုးရနဲ့တိုင်းအစိုးရနဲ့ဒီလိုဖြစ်သွားတော့ ကျနော်တို့ပြည်သူတွေကလည်း သိက္ခာကျတယ် လေ။ ပြည်သူတွေ သိက္ခာမကျအောင်တော့ ပြည်သူတွေ သိက္ခာမကျတဲ့ အမှန်တရားလမ်းကြောင်းအပေါ် မားမား မတ်မတ် ရပ်တည်ပေးနိုင်မယ်လို့တော့ ကျနော်တို့ မျှော်လင့်တယ်ခင်ဗျ။ ကျနော်တို့ကတော့ အကောင်းဘက်ကိုပဲ ဦးတည်မယ်လို့ မျှော်လင့်တယ်ခင်ဗျ။ အရင်ကလည်း အမှားတွေ ဖြစ်ပေါ်လာခဲ့ပြီလေ။ အမှားတွေကို သင်ခန်းစာယူပြီးတော့ အမှန်ကိုလုပ်နိုင်မယ်လို့ မျှော်လင့်တယ်။"

ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်နဲ့ စီမံဘဏ္ဍာဝန်ကြီးကို ဒေသခံတွေက ပါတီဗဟိုကို တိုင်ကြားခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တနင်္သာရီတိုင်းခရီးစဉ်အပြီးမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ ဒေါ်လဲ့လဲ့မော် ကို အရေးယူလိုက်တာဖြစ်ပါတယ်။ ဒေါ်လဲ့လဲ့မော်ကို အရေးယူပြီး သိပ်မကြာခင်မှာ စီမံဘဏ္ဍာဝန်ကြီးနဲ့ လျှပ်စစ် စွမ်းအင်ဝန်ကြီးတို့ဟာ နုတ်ထွက်စာတင်တဲ့အတွက် နိုင်ငံတော်သမ္မတက နုတ်ထွက်ခွင့် ပြုခဲ့ပါတယ်။ ဒါ့အပြင် တနင်္သာရီတိုင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်မှာ တိုင်းအစိုးဝန်ကြီးချုပ် ရာထူး ပထမဆုံး အရေးယူခံရတဲ့ တိုင်းဒေသကြီးဖြစ်ပါတယ်။

လစ်လပ်သွားတဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးနေရာမှာတော့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူရ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေရာမှာ ဦးလှထွေးနဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးနေရာမှာတော့ ဒေါ်ရီရီချိုကို ခန့်အပ်ခဲ့ပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG