ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း အစ္စလာမ် စစ်သွေးကြွတွေ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ ရေနံ သိုလှောင်ရေးဌာနတွေကို စစ်ရေးအရ တိုက်ခိုက်မှု ပြုလုပ်တဲ့အချိန် အာရပ်နိုင်ငံ ၂ ခုက အမေရိကန်ပြည်ထောင်စုကို ဦးဆောင်ပြီး ကြာသပတေးနေ့ က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။
ညပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အဲဒီ လေကြောင်း တိုက်ခိုက်မှု အတွင်း ဆော်ဒီ အာရေးဗီးယားနဲ့ UAE အာရပ်စော်ဘွားများနိုင်ငံတို့က စုစုပေါင်း ကြဲခဲ့တဲ့ ဗုံးအရေအတွက် ၈၀ ရာခိုင်နှုန်းကို အသုံးပြုခဲ့တယ်လို့ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီ တိုက်ခိုက်မှု အတွင်း စစ်သွေးကြွ ၁၄ ဦးနဲ့ အရပ်သား ၅ ဦးတို့ သေဆုံးသွားကြောင်း လန်ဒန်မြို့အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ က ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း အရပ်သားတွေ သေဆုံးခဲ့တယ်ဆိုတဲ့ ပြောဆိုမှုအပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ စုံစမ်း စစ်ဆေးသွားမယ်လို့ ပင်တဂွန်ပြောခွင့်ရ ရေတပ်ဗိုလ်ချုပ် John Kirby က ပြောပါတယ်။
ဆီးရီးယားနိုင်ငံအတွင်း ပြုလုပ်နေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ အတတ်နိုင်ဆုံး မလိုလားအပ်တဲ့ ဘေးကလူတွေ မထိခိုက်ရအောင် သတိထားပြီး တိတိကျကျ ဆောင်ရွက်နေကြောင်း သူက ပြောပါတယ်။
စစ်သွေးကြွတွေအတွက် တနေ့မှာ အမေရိကန်ဒေါ်လာ ၂ သန်းအထိ ဝင်ငွေရှာပေးနေတဲ့ အသေးစား ရေနံချက်စက်ရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်စစ်တပ်က ပြောပါတယ်။