သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကုတ်လမ်း ကားချောက်ထဲကျ ၁၄ ဦးသေဆုံး


ရန်ကုန်ကနေ သံတွဲကိုသွားတဲ့ ခရီးသည်တင် ဘတ်စ်ကားတစင်းဟာ ဒီမနက် အစောပိုင်း တောင်ကုတ် ဝင်ခါနီးမှာ ချောက်ထဲ ထိုးကျခဲ့တာကြောင့် လူ ၁၄ ယောက်သေဆုံးပြီး ၃၃ ယောက်လောက် ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။ ရခိုင်ရိုးမကို ကျော်ဖြတ်ပြီး ပြေးဆွဲတဲ့လမ်းမှာ အခုလို လူများများထိခိုက်သေဆုံးတာကတော့ ဒီဆယ်စုနှစ်အတွင်းမှာ ဒါပထမဆုံးဖြစ်မယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်သတင်းထောက် ကိုမိုးဇော်က အခုလို တင်ပြထားပါတယ်။

ဒီမနက် တိမ်းမှောက်ခဲ့တဲ့ကားကတော့ အောင်သစ္စာအမြန်ယာဉ်ကားသင်းက ဖြစ်ပြီး ရန်ကုန်ကနေ သံတွဲမြို့ကို အသွား တောင်ကုတ်အဝင်မှာ တိမ်းမှောက်တာဖြစ်ပါတယ်။

ကားတိမ်းမှောက်ခဲ့တဲ့အခြေအနေကို တောင်ကုတ်မြို့ခံတယောက်က အခုလို ပြောပါတယ်။

“ဒီမနက် နှစ်နာရီလောက်မှာ တောင်ကုတ်နဲ့ မိုင်၃၀ လောက်ဝေးတဲ့ နေပူတောင် အဆင်း မှာ ဖြစ်တာပါ။ ကားက ချောက်ထဲ ထိုးကျသွားတာဗျ။ ချောက်အနက်ကြီးရယ်။ ကားက လှည့်မရလိုက်ဘဲနဲ့ ချောက်တည့်တည့်ကိုပဲ ထိုးပြီးတော့ ကျသွားတာ။ ၁၄ ယောက် သေပါတယ်။ မိန်းမ ၇ ယောက် ယောက်ကျား ၇ ယောက်သေပါတယ်။ ဒဏ်ရာ အပြင်းအထန်ရတာက ၃၃ ယောက်ပါ။ အပြင်းအထန်ဒဏ်ရာရပြီးတော့ တောင်ကုတ်ဆေးရုံ ကို ရောက်ပါတယ်။ ဒီမနက် ၈ နာရီ။ ၈ နာရီကျော်ကျော်လောက်မှာ ရောက်တာပေါ့။”

ကားတိမ်းမှောက်ပြီးတဲ့နောက်မှာတော့ တောင်ကုတ်မြို့က လူမှုကူညီရေးအသင်းအဖွဲ့တွေက ကားမှောက်ရာကို သွားရောက်ပြီး ထိခိုက်ဒဏ်ရာရသူတွေကို ကူညီဆောင်ရွက်ပေး ခဲ့ကြ ပါတယ်။

သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရတဲ့အခြေအနေကို တောင်ကုတ်ဆေးရုံကို စုံစမ်းမေးမြန်းရာ မှာတော့ တာဝန်ကျ ဝန်ထမ်းတဦးက အခုလို ပြောပါတယ်။

“သေတာက ၁၄ ယောက်။ ခုတော့ အလောင်းတွေ ဆေးရုံကို ရောက်နေပါပြီ။ ထိခိုက်မှု အခြေအနေကတော့ ၁၂ ယောက်ကို သံတွဲဆေးရုံကို ပို့လိုက်ရပါတယ်။ ဒီမှာတော့ ၅ ယောက် ကျန်ခဲ့ပါတယ်။ အတွင်းလူနာအနေနဲ့ပါ။ နည်းနည်းလေးပွန်းပဲ သူတွေကျတော့ ပြင်ပလူနာ အနေနဲ့ပဲ ထားလိုက်တယ်လေ။ ၃၃ ယောက်ထဲမှာပါ။”

သံတွဲဆေးရုံကို ပို့ဆောင်ရတဲ့လူနာတွေဟာ လက်ခြေကျိုးတဲ့သူတွေ ပါဝင်ပြီး တောင် ကုတ်ဆေးရုံမှာ ကျောက်ပတ်တီးစည်းဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေ မရှိတာကြောင့် ဖြစ်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဒီကနေ့ဖြစ်ပွားတဲ့ ကားတိမ်းမှောက်တာကတော့ ဒီ၁၀နှစ်ပိုင်းအတွင်းမှာ ပထမဆုံး ဖြစ်နိုင်ကြောင်းလည်း တောင်ကုတ်မြို့ခံက အခုလို ပြောပါတယ်။

“အခု ကားတွေ ကောင်းတဲ့အနေအထားမျိုးမှာ ဒီလို အထိအခိုက်ဖြစ်တာ ဆယ်စုနှစ် မယ်ပေါ့နော်။ ဒီလို ကြီးကြီး မားမားဖြစ်တာ မကြားဖူးသေးဘူးဗျ။ အရင်တုန်းက ကားတွေ မကောင်းဘူး။ လမ်းတွေဆိုးတုန်းကတော့ ဒီလို ကြီးကြီးမားမား ဖြစ်တာရှိခဲ့တာပေါ့နော်။ ကားစီးလုံးမှောက်ပြီး ဆုံးသွားတာတို့ဘာတို့။ ခုနောက်ပိုင်းမှာတော့ မရှိဘူး။ အခု တော်တော်ကို ကြီးကြီးမားမားဖြစ်တဲ့အနေအထားပါ။”

လောလောဆယ် ကားတိမ်းမှောက်မှုကိုတော့ စုံစမ်းနေဆဲဖြစ်ပြီး ကားဘရိတ်ပေါက် လို့ မှောက်တာဖြစ်နိုင် ကြောင်း ပြောဆိုတာတွေလည်း ရှိနေပါတယ်။

လွန်ခဲ့တဲ့နှစ် ဇွန်လဆန်းကလည်း ရခိုင်ပြည်နယ် သံတွဲနဲ့ တောင်ကုတ်လမ်းမှာ ကားတိမ်းမှောက်ခဲ့တာကြောင့် လူ ၈ ယောက်သေဆုံးခဲ့ပါသေးတယ် ခင်ဗျာ။
XS
SM
MD
LG