သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ငူ ဗုံးပေါက်ကွဲမှု အကြောင်းရင်း မသိရသေး


တောင်ငူမြို့ ချမ်းမြေ့တည်းခိုခန်း (ကိုကျော်စွာ facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်။)
တောင်ငူမြို့ ချမ်းမြေ့တည်းခိုခန်း (ကိုကျော်စွာ facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်။)
တောင်ငူမြို့မှာ သောကြာနေ့ညဘက်က ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့သူကို ဆေးရုံမှာ ဆက် ကုသပေးနေပြီး ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို သက်ဆိုင်ရာရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး အသေးစိတ် မသိရသေးပါဘူး။ လက်ရှိမှာတော့ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာမှာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ်လို့ မျက်မြင်တစ်ဦးက ဗွီအိုအေကိုပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပဲခူးတိုင်း၊ တောင်ငူမြို့က ချမ်းမြေ့တည်းခိုခန်းမှာ အောက်တိုဘာလ ၁၁ ရက်နေ့ညက ဗုံးပေါက်ကွဲခဲ့ကြောင်း မြန်မာအစိုးရထုတ်သတင်းစာမှာ ပါရှိပါတယ်။ အသက် ၂၉ နှစ်အရွယ် ကိုနေမျိုးကျော်နဲ့ အသက် ၂၄ နှစ်အရွယ် မယုခိုင်တို့ သေဆုံးသွားခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြထားတာပါ။ သေဆုံးမှုနဲ့ ဒဏ်ရာရရှိမှုတွေရဲ့ နောက်ဆုံးအခြေအနေကိုသိရှိနိုင်ဖို့ တောင်ငူမြို့ မြို့မရဲစခန်း တာဝန်ကျတဲ့ ရဲအရာရှိကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။ ။ တောင်ငူမြို့ ဗုံးပေါက်တာနဲ့ပတ်သက်ပြီး လူဘယ်နှစ်ဦးများ သေသွားလဲရှင့်။

“နှစ်ဦးပါ။”

မေး။ ။ နောက်ဆုံးကောင်မလေးအခြေအနေကရော ဘယ်လိုရှိလဲ။ စိုးရိမ်ရတဲ့အခြေအနေရှိလားရှင့်။

“မရှိပါဘူး၊ ကောင်းပါတယ်။”

မေး။ ။ ဟုတ်ကဲ့။ ဟုတ်ကဲ့။ သူက အခု လက်ရှိ ဘယ်နေရာမှာလဲရှင့်။

“ဆေးရုံပေါ်မှာပါ။”

မေး။ ။ သူဖြစ်သွားတာက ဘယ်လို ဖြစ်သွားလဲရှင့်။

“အဲဒါတော့ မသိဘူးဗျ။ ကျနော်လည်း ခရီးသွားနေတာ၊ အခုမှ ပြန်ရောက်လို့၊”

မေး။ ။ သေသွားတဲ့အမျိုးသားက မီးရထားရဲ-ဆိုတာ ဟုတ်လားရှင့်။

“ဟုတ်ပါတယ်။”

မေး။ ။ သူက လက်ရှိတာဝန်ယူနေတဲ့သူပဲလားရှင့်။

“အဲဒါတော့ သိဘူးဗျ။ သိဘူးဆိုတာက ကျနော်က အခုနေ့လည်မှပြန်ရောက်တာ၊ ကျနော်က ညောင်လေးပင်ကို သွားတာ။ ညောင်လေးပင်ကလေ သူတို့က။ မီးရထားက ရဲဆိုတာတော့ ဟုတ်တယ်။ လက်ရှိတာဝန်ထမ်းဆောင်လား၊
မဆောင်လားဆိုတာတော့ မသိဘူး။”

မေး။ ။ အဲဒီ မီးရထားရဲအိမ်ကိုရော ရောက်ခဲ့လား။

“မရောက်ဘူးလေ။ ကျနော်က အဲဒီ ကောင်မလေး အမျိုးတွေအိမ်ပဲ သွားတာ”

ဘာကြောင့် ဖြစ်ရသလဲဆိုတာ ရဲမြို့နယ်မှူးကို ဆက်လက်မေးမြန်းတဲ့အခါမှာတော့ ရဲမြို့နယ်မှူးက စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း၊ မီးရထားရဲတစ်ဦးနဲ့ နှစ်ဦး သေဆုံးခဲ့ကြောင်းကို အတည်ပြု ပြောကြားခဲ့ပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာကို ရောက်ရှိခဲ့တဲ့ တောင်ငူမြို့ခံတစ်ဦးကတော့ လက်ရှိမှာလည်း အဲဒီနေရာမှာ လုံခြုံရေးတွေ ချထားပြီး အဝင်အထွက်တွေကို ပိတ်ဆို့ထားကြောင်း၊ ညကဖြစ်ပွားခဲ့တဲ့ အခြေအနေတွေကိုလည်း ပြန်ပြောပြခဲ့ပါတယ်။

“သူတို့ပြောတာကတော့ ပိုက်ဆံအိတ်ကိုဆွဲဖွင့်လိုက်တဲ့အချိန်မှာ ကွဲတယ်လို့ ပြောတာပဲ။ ကောင်မလေးတွေကတော့ ညောင်လေးပင်ကပဲ။ အဲဒီထဲမှာ ရဲပါ ပတ်သက်နေတယ်။ တစ်ယောက်က ရဲဖြစ်နေတယ်။ ပထမတော့ ကျနော်တို့ကို ရဲလို့ မပြောဘူး။ အခု စုံစမ်းကြည့်တော့ ရဲဖြစ်နေတယ်။ မီးရထားရဲလို့ ပြောတယ်။ နီးတာက အမှတ် (၁) ရဲစခန်းနဲ့လည်း နီးတယ်။ ဓာတ်ပုံတွေ ဘာတွေ ကျနော်တို့ ရိုက်ယူလိုက်တယ်။ အထဲတော့ ဝင်ခွင့်မပေးဘူး။ ယောက်ကျားလေးကတော့ ညကတည်းက ဗိုက်ပွင့်သွားတယ်။ ကောင်မလေး ၂ ယောက်ကတော့ အခန်း နံပါတ် (၆) မှာ တည်းတယ်။ အဲဒီကောင်လေးကတော့ အဲဒီအခန်းက မဟုတ်ဘူး။ ဧည့်စာရင်းမှာရှိတာတော့ ကောင်မလေးနှစ်ယောက်ပဲ။”

မေး။ ။ အဲဒီနေရာမှာ လုံခြုံရေးတွေ ဘာတွေ ရှိသေးလား။ စစ်ဆေးတာတွေ ရှိသေးလား။

“အခုတော့ အထဲတော့ ဝင်ခွင့်မပေးဘူး။ စစ်ကားနှစ်စီးတော့ ရပ်ထားတယ် ရှေ့မှာ။ စစ်သား အယောက် သုံး-လေးဆယ်တော့ ရှိမယ်၊ ရဲလည်း သုံး-လေးဆယ်လောက်ရှိမယ်။ အပြင်တောင်မှ အဲဒီနားကို ပိတ်ထားတယ်။”
အခင်းဖြစ်ပွားပြီးတဲ့နောက် ဆေးရုံတက်ပြီး ကုသနေရတဲ့ အမျိုးသမီးငယ်တစ်ဦးရဲ့ အခြေအနေနဲ့ပတ်သက်လို့ စိုးရိမ်စရာမရှိဘူးလို့ ရဲစခန်းကရော မြန်မာသတင်းစာမှာ ဖော်ပြထားပေမဲ့ အတည်ပြုချက် ရယူဖို့အတွက် ဆေးရုံကိုတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
XS
SM
MD
LG