သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကြီးမြို့မှာ မပေါက်ကွဲသေးတဲ့ဗုံးတွေ တွေ့


တောင်ကြီးမြို့မှာ မပေါက်ကွဲသေးတဲ့ဗုံးတွေ တွေ့ (Nyein Myat Noe Htun fb)
တောင်ကြီးမြို့မှာ မပေါက်ကွဲသေးတဲ့ဗုံးတွေ တွေ့ (Nyein Myat Noe Htun fb)

တောင်ကြီး မြို့လည် လူစည်ကားရာ နေရာမှာ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်း တွေ့ရှိခဲ့တာမို့ တပ်မတော်က ရှင်းလင်းခဲ့ရတယ်လို့ အာဏာပိုင်တွေနဲ့ ဒေသခံတွေကအတည်ပြုပြောဆိုကြပါတယ်။ နေရာ ၂နေရာမှာတွေ့ရရှိခဲ့တာဖြစ်ပြီး ဘယ်သူ့လက်ချက်လဲ ဒီပေါက်ကွဲစေတဲ့ ပစ္စည်းက ဘယ် လောက်ပြင်းအားရှိလဲဆိုတာ အာဏာပိုင်တွေဘက်က ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။ ဒီသတင်းကိုဗွီအိုအေ မြန်မာပိုင်းက မေခက ပေးပို့ထားပါတယ်။

တန်ဆောင်တိုင် မီးပုံးပျံပွဲကျင်းပနေတဲ့ တောင်ကြီး မြို့မှာ ဒီကနေ့နေ့လည် ၁၂ နာရီလောက်ကမြို့လယ် လူစည်ကားရာ နေရာမှာ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းကို တွေ့ရှိခဲ့ရတာပါ။ နေရာ ၂နေရာမှာချထားတဲ့ အဲဒီပေါက်ကွဲစေနိုင်တဲ့ပစ္စည်းတွေကို တွေ့ပြီးတဲ့နောက် စစ်တပ်က တာဝန်ယူ ရှင်းလင်းလိုက်ပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး တောင်ကြီးမြို့ခံတဦးဖြစ်တဲ့ ရှမ်းပြည်နိုင်ငံရေးအဖွဲ့က ဦးတင်မောင်တိုးက သူသိထားရသလောက် ဗွီအိုအေကို အခုလိုပြောပြပါတယ်။

" အဲဒီဗုံးတွေကို စတွေ့တာ safety case ထဲမှာ ၄ လုံးပဲ သူတို့က ၁ လုံးပဲ ဖောက်ခွဲပြီး ကျန်တာကတော့ သိမ်းသွားတယ်လို့ပြောတယ်။ အခု ၄ နာရီလောက်ကတော့ ocean center ပေါ့နော် ဒီဈေး အရှေ့ဘက် မှာ အဲဒီမှာ ရုပ်ရှင်ရုံတွေလည်းရှိတယ်။ ocean center လည်းရှိတယ် အဲဒီက အိမ်သာထဲမှာတွေ့တယ်လို့ပြောတယ်။ အဲဒါလည်း တပ်ကတော့ ရှင်းနေတယ်တဲ့။

ဦးတင်မောင်တိုး ပြောဆိုချက်အတိုင်းပဲ တောင်ကြီးမြို့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတဦးကလည်း ဗွီအိုအေကို ပြောပေမဲ့ သူ့မှာ ဒီကိစ္စအတွက် တရားဝင် ပြောပိုင်ခွင့်ရမထားတာကြောင့် သူ့ရဲ့အမည်နဲ့ ရာထူးအဆင့်ကိုမပြောသလို သူပြောဆိုထားတာကို လည်း ထည့်သွင်း ထုတ်လွှင့်ခွင့်မပြုပါဘူး။

ဒီအခြေအနေဖြစ်ပြီးတဲ့နောက်ပိုင်း တောင်ကြီးမြို့အခြေအနေကိုတော့ ဦးတင်မောင်တိုးက အခုလို ရှင်းပြပါတယ်

"ဒါကတော်တော်ဖြစ်ခဲတာလေ။ တနေရာတွေ့တယ်ဆိုရင်တော့ တမျိုးပေါ့နော် အဲဒါ အခုက နေရာကြီး ၂ နေရာပေ့ါနော် အခုကတော့ ဘေးနားတွေကို ပိတ်ထားတယ် အရှေ့ဘေး အဲဒီလေးနေရာကို ပိတ်ထားတယ် အသွားအလာမရှိတော့ဘူးပေါ့နော် လမ်းတွေပိတ်ထားလိုက်တော့"

ဗွီအိုအေကို နောက်ထပ် တောင်ကြီးမြို့ခံတဦးကို ထပ်ဆက်သွယ်ပြီး မေးမြန်းတာမှာတော့ တွေ့ရတဲ့ ပေါက်ကွဲစေနိုင်တဲ့ပစ္စည်း အရေအတွက် ကွာခြားနေပြီး ၇ လုံးထိတွေ့တယ်လို့ ပြောပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး နောက်ထပ ် အတည်ပြုချက်တော့ မရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG