သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးမှာ သမ္မတ အိုဘားမားနဲ့တွေ့ဆုံရေး မြန်မာ လူငယ် ဆယ်ဦးရွေး


ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ အိုဘားမား။ (ဧပြီ ၂၄၊ ၂၀၁၄)
ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ အိုဘားမား။ (ဧပြီ ၂၄၊ ၂၀၁၄)
အမေရိကန်သမ္မတ အိုဘားမား ဦးဆောင်ပြုလုပ်မယ့် မလေးရှားနိုင်ငံက Town Hall Meeting လို့ ခေါ်တဲ့ လူထုနဲ့ တိုက်ရိုက်တွေ့ဆုံပွဲမှာ ပါဝင်နိုင်ဖို့ မြန်မာနိုင်ငံ က လူငယ် (၁၀)ဦးကို ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန် သံရုံးက ကြာသာပတေးနေ့ ကရွေးချယ်လိုက်ပါတယ်။ အာဆီယံ (၁၀)နိုင်ငံက လူငယ်ခေါင်းဆောင် ၁၀ ဦးစီကို ရွေးချယ်ပြီး သူရဲ့ မလေးရှားနိုင်ငံ ခရီးစဉ် အတွင်းမှာ ဧပြီလ (၂၇)ရက်နေ့မှာ တွေ့ဆုံဖို့ သမ္မတအိုဘားမားက အခုလို ဖိတ်ကြားထားတာ လည်းဖြစ်ပါတယ်။ မအင်ကြင်းနိုင်က အသေးစိတ်ပြောပြ မှာပါ။

အမေရိကန်သမ္မတ အိုဘားမားဟာ သူရဲ့အာရှခရီးစဉ်အတွင်း အာဆီယံဒေသ တွင်း လူငယ်ပေါင်း ၄၀၀ကျော်နဲ့တွေ့ဆုံဖို့ လာမယ့်တနင်္ဂနွေနေ့မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ စီစဉ်ထားပါတယ်။ အဲ့ဒီမှာ လူငယ်တွေ အနေနဲ့ သမ္မတ အိုဘားမားကို တိုက်ရိုက်မေးခွန်းတွေမေးနိုင်အောင် လည်း စီစဉ်ထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်း တနိုင်ငံချင်းစီက လူငယ် ကိုယ်စားလှယ် (၁၀)ဦးစီရွေးချယ်ပြီး ဒေသတွင်းကိစ္စတွေကို သမ္မတနဲ့ တွေ့ဆုံဆွေးနွေးဖို့လည်းရှိပါတယ်။ မြန်မာနိုင်ငံကို ကိုယ်စားပြုမယ့် လူငယ်(၁၀)ဦးရဲ့ အမည်စာရင်းရွေးချယ်ခဲ့တာနဲ့ ပတ်သက်လို့ ရန်ကုန် အမေရိကန် သံရုံးက ပြောခွင့်ရပုဂ္ဂိုလ်က Andrew Leahyက အခုလိုရှင်းပြပါတယ်။

"သမ္မတအိုဘားမားနဲ့ Town Hall Meeting လို့ခေါ်တဲ့ လူထုနဲ့ တိုက်ရိုက် တွေ့ဆုံပွဲ ပြုလုပ်ဖို့ မြန်မာနိုင်ငံ အပါဝင် အာဆီယံအဖွဲ့ဝင် (၁၀)နိုင်ငံက တနိုင်ငံချင်းစီ ကနေ လူငယ်ကျောင်းသား (၁၀) ဦးစီရဲ့ အမည်စာရင်း တင်သွင်းဖို့ တောင်းဆိုခဲ့ပါတယ်။ အဲ့ဒီ့ကနေမှ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ ပညာရေးနယ်ပယ်မှာ လှှုပ်ရှားနေတဲ့ အဖွဲ့တွေပါဝင်ကြဖို့ အများ သိအောင် အသိပေးအကြောင်းကြားပြီး လူငယ်ထုကြား ဦးဆောင်မှုပေးနိုင်တဲ့ လူငယ်ခေါင်းဆောင်တွေ ရွေးချယ်နိုင်ဖို့ လျှောက်လွှာအားလုံးကို လက်ခံခဲ့ပါတယ်။

ဒါကြောင့်လည်း တိုင်းနဲ့ပြည်နယ် အသီးသီးက လူမျိုး ၊ ဘာသာ မတူတဲ့ လူငယ်တွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နိုင်ငံရေးနဲ့ လူထု အခြေပြုနယ်ပယ်တွေ မှာ လှုပ်ရှားနေတဲ့ လုပ်ငန်း နယ်ပယ် မတူညီတဲ့ လူငယ်တွေ ကျနော်တို့ ရွေးချယ်နိုင်ခဲ့ပါတယ်။ ဒီကနေ့မှာပဲ သမ္မတရဲ့ လူထုနဲ့ တိုက်ရိုက်တွေ့ဆုံပွဲမှာ ပါဝင်မယ့် အဲဒီလူငယ် (၁၀)ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။"

အမေရိကန် သမ္မတတစ်ဦးအနေနဲ့တော့ ဒေသတွင်းအရေးကိစ္စနဲ့ပတ်သက်လို့ အာဆီယံဒေသတွင်းလူငယ်တွေနဲ့ အခုလို တိုက်ရိုက်တွေ့ဆုံဆွေးနွေးပြောဆို တာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ မြန်မာ လူငယ်တွေအနေနဲ့ အမေရိကန်သမ္မတနဲ့ တိုက်ရိုက်တွေ့ဆုံပြီး သူတို့စိတ်ပါဝင်စားတဲ့ အရေးကိစ္စတွေကို တိုက်ရိုက်ဆွေးနွေးပြောဆိုခွင့် ရမှာဖြစ်တယ်လို့လည်း Andrew ကပြောပါတယ်။

" အမေရိကန်သံရုံးအနေနဲ့ မြန်မာလူငယ်တွေအတွက် အစီအစဉ်မျိုးစုံရှိပါတယ်။ ဒါပေမဲ့ ဒီတခေါက်ကတော့ အာဆီယံ ၁၀နိုင်ငံက လူငယ်တွေအနေနဲ့ သမ္မတအိုဘားမားနဲ့ တွေ့ဆုံပြီး မေးခွန်းတွေ မေးခွင့်ရဖို့ အခွင့်အလမ်းကောင်းတခုဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ ကျနော်တို့ ရွေးချယ်ထားတဲ့ လူငယ်တွေဟာ နယ်ပယ်အသီးသီးမှာ ထဲထဲဝင်ဝင် လုပ်ဆောင်နေတဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို ဦးဆောင်လိုစိတ် ရှိတဲ့ ခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။ သူတို့တစ်ဦးချင်းစီရဲ့ ခေါင်းဆောင်နိုင်မှု အရည်အချင်းတွေ၊ တိုင်းပြည်ကို အကျိုးပြုလိုတဲ့ သူတို့ရဲ့ စိတ်ဆန္ဒတွေကြောင့် အခုလို ရွေးချယ်ခဲ့တာပါ။"

ရန်ကုန် အမေရိကန်သံရုံးရဲ့ ဖေ့စ်ဘုတ်ခ်စာမျက်နှာပေါ်မှာလည်း သမ္မတ အိုဘားမားကို မေးခွန်းတွေပေးဖို့ ရေးသားထားတာတွေကိုလည်း
ဖေါ်ပြထားပါတယ်။ အရွေးခံရတဲ့ မြန်မာလူငယ် (၁၀)ဦးဟာ ဧပြီလ ၂၅ ရက်နေ့မှာ ရန်ကုန်မြို့ကနေ မလေးရှားနိုင်ငံကို ထွက်ခွာမှာဖြစ်ပြီး ၂၉ ရက်နေ့မှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။
XS
SM
MD
LG