သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၀ နှစ်သား BTS


BTS အဖွဲ့
BTS အဖွဲ့

ကမ္ဘာကျော် BTS ကေပေါ့အဖွဲ့ အနုပညာရပ်ဝန်းထဲရောက်လာခဲ့တာ ၂၀၂၃ ဒီလ ဇွန်လမှာ ၁၀ နှစ်တင်းတင်း ပြည့်သွားခဲ့ပါပြီ။ အမျိုးသားလေး ၇ ဦးနဲ့ ဖွဲ့စည်းထားတဲ့ သူတို့အဖွဲ့ဟာ ၂၀၁၀ ဖွဲ့စည်းချိန်ကစပြီး K-pop ကေပေါ့ဂီတ ကမ္ဘာမှာ အဆင့်အတန်းတခု ထပ်မြင့်သွားအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အနောက်တိုင်း အကောင်းဆုံးဂီတ စာရင်းတွေမှာလည်း ထိပ်ဆုံးရောက်ခဲ့သလို ဂရမ်မီဂီတဆုချီးမြှင့်ပွဲမှာလည်း တစ်ကြိုရွေးခံရတဲ့စာရင်းထဲ ပါခဲ့ပါတယ်။ Jin, Suga, J-Hope, RM, Jimin, V နဲ့ Jungkook ကို အသည်းစွဲကြိုက်တဲ့ ပရိသတ်တွေလည်း အထူးများပြားပြီး BTS Army စစ်တပ်လို့ ခေါ်တဲ့ ပရိသတ်ထုကြီး ရှိလာခဲ့ပါတယ်။ BTS အဖွဲ့ရဲ့ အောင်မြင်မှုတွေထဲမှာ သူတို့ရဲ့ လူငယ်တွေနဲ့ ခံစားချက်ချင်း တူတဲ့ သီချင်းစာသားတွေကလည်း အဓိက ဖြစ်ပါတယ်။ ခေတ်နဲ့ အလိုက် တီးလုံးရယ် ကကွက်ဆန်းတွေရယ် လူငယ်တွေအကြိုက် သီချင်းစာသားတွေရယ်အပြင် BTS ရဲ့ လူငယ်ကိုယ်စားပြု လူမှုလှုပ်ရှားမှုတွေကြောင့် ကိုရီးယားနိုင်ငံတင်သာမက ကမ္ဘာ့လူငယ်ထု အတွက်လည်း ကိုယ်စားပြုနိုင်ပါတယ်။

သူတို့ရဲ့ ၁၀ နှစ်တာ အနုပညာဖြတ်သန်းမှုကို ကြည့်မယ်ဆိုရင် ၂၀၁၃ ခုနှစ် ဇွန်လ ၁၂ ရက်နေ့မှာ သူတို့ရဲ့ ပထမဆုံးသီချင်း “No More Dream” ပါတဲ့ 2 Cool 4 Skool တေးဓာတ်ပြားထွက်ခဲ့ပါတယ်။ နောက်တရက် ဇွန်လ ၁၃ ရက်နေ့မှာ သူတို့အဖွဲ့ ပရိသတ်ရှေ့မှောက် စထွက်လာပြီး M Countdown ဆိုတဲ့ ရုပ်သံအစီအစဥ်မှာ “No More Dream” သီချင်းနဲ့ ပထမဆုံးပါဝင် ဖျော်ဖြေခဲ့ပါတယ်။

အခုအချိန်မှာတော့ BTS အဖွဲ့ဟာ ကိုရီးယားသမိုင်းမှာ တေးအယ်လ်ဘမ် အချပ်ရေ အရောင်းရဆုံး အဖွဲ့ဖြစ်ပြီး တေးအယ်လ်ဘမ်ပေါင်း အချပ်သန်း ၃၀ ကျော် ရောင်းချထားရတာပါ။ သူတို့က အမေရိကန်အကောင်းဆုံးတေးစာရင်းတခုဖြစ်တဲ့ Billboard မှာ လူကြိုက်အများဆုံး တေးတပုဒ် စာရင်းမှာ နံပတ် ၁ ချိတ်တဲ့ ပထမဆုံး ကိုရီးယားအဖွဲ့ ဖြစ်ပါတယ်။ အင်္ဂလိပ်လိုသီဆိုထားတဲ့ Dynamite ဆိုတဲ့ သီချင်းနဲ့ ဖြစ်ပါတယ်။

သူတို့ရထားတဲ့ဆုတွေထဲမှာတော့ အမေရိကန်ဂီတဆု၊ ဘေးလ်ဘုတ်ဂီတဆု၊ အသံသွင်းဂီတ လုပ်ငန်း IFPI က ချီးမြှင့်တဲ့ ကမ္ဘာ့အသံသွင်းအနုပညာရှင်ဆုတို့ ပါဝင်ပါတယ်။

၂၀၂၂ ခုနှစ် ဇွန်လမှာ BTS အဖွဲ့ဟာ ဂီတလုပ်ငန်းတွေကနေ ခဏအနားယူမယ်လို့ ကြေညာခဲ့ပြီး အဖွဲ့သားတွေ ကိုယ်စီ သီးသန့် သီဆိုမှုတွေ လုပ်ခဲ့ကြတာပါ။

အောက်တိုဘာလမှာတော့ BTS က ကိုရီးယားရဲ့ ဥပဒေအရ စစ်မှုထမ်းမယ်လို့ ကြေညာခဲ့တာပါ။ အဲဒီနောက် ၂၀၂၂ ဒီဇင်ဘာမှာ အသက် ၃၀ ပြည့်တဲ့ Jin တယောက် စစ်ထဲအရင်ဝင်သွားလိုက်ပါတယ်။

BTS အဖွဲ့ဝင် J-Hope
BTS အဖွဲ့ဝင် J-Hope

သူက နိုင်ငံ့ဂုဏ်ဆောင် အနုပညာရှင်တယောက်ရတဲ့ အခွင့်အရေးနဲ့ အချိန်ကို နောက်ဆုံးအချိန်အထိ ဆွဲထားခဲ့တာပါ။

၂၀၂၃ ဧပြီလ ၁၈ ရက်နေ့ မှာတော့ ဒုတိယတယောက်အနေနဲ့ J-Hope စစ်မှုထမ်းဖို့ သွားလိုက်ပါတယ်။ သူက ဆိုးလ်မြို့တော်နဲ့ မိုင် ၅၀ ကျော်အကွာက ဝမ်ဂျူးမြို့မှာ ကျင်းပတဲ့ တပ်သားသစ် ကြိုဆိုပွဲအခမ်းအနားကျင်းပတဲ့နေရာကို ရောက်လာခဲ့ တာပါ။ J-Hope က “I’ll be back later” ကျွန်တော် နောင်ကျရင်ပြန်လာမယ် လို့ နှုတ်ဆက်ပြီး တောင်ကိုရီးယား လူမှုကွန်ရက်စာမျက်နှာ weverse မှာ ကတုံးတုံးထားတဲ့ သူ့ဓာတ်ပုံကို တင်ခဲ့တယ်။

တောင်ကိုရီးယားနိုင်ငံမှာက အရွယ်ရောက်ပြီး ကျန်းမာသန်စွမ်းတဲ့ အမျိုးသားတိုင်း ၁၈ နှစ်နဲ့ ၂၈ နှစ်ကြားမှာ အများအားဖြင့် တနှစ်ခွဲကနေ တနှစ် ၉ လ အကြာ နိုင်ငံအတွက် စစ်မှုထမ်းပေးရပြီး အနုပညာရှင်တွေနဲ့ တချို့တော့ ချွင်းချက်ရှိပါတယ်။

ဒီလို BTS အဖွဲ့သားတွေ အနုပညာလုပ်ငန်းတွေ နားထားရပြီး ၂ နှစ်မဖြစ်မနေ စစ်မှုထမ်းရတဲ့ ကိစ္စကို သူတို့ ပရိသတ်တွေသာမက ဥပဒေပြုအမတ်တွေပါ အာရုံစိုက် ဆွေးနွေးခဲ့ကြပြီး တချို့ အမတ်တွေက နာမည်ကျော်အနုပညာရှင်တွေကို စစ်မှုထမ်းဥပဒေက ကင်းလွတ်ခွင့်ပေးပြီး အနုပညာဖျော်ဖြေမှုတွေပဲ ဆက်လုပ်ခွင့်ပြုဖို့ အကြံပြုကြပါတယ်။ BTS ကိုကိုယ်စားပြုတဲ့ ကုမ္ပဏီကတော့ BTS အဖွဲ့သားတွေအားလုံး ၂၀၂၅ မှာ စစ်မှုထမ်းတာဝန်အပြီးလုပ်ဖို့ ရည်ရွယ်ထားကြောင်း မနှစ်ကပဲ ကြေညာခဲ့ပါတယ်။

XS
SM
MD
LG