The Australian Open Tennis ပြိုင်ပွဲကို တနင်္လာနေ့မှာ စတင် ကျင်းပနေပြီဖြစ်သလို သတင်းဌာနကြီး ၂ ခုကတော့ သူတို့ ရရှိထားတဲ့ ပေါက်ကြားလာတဲ့ စာရွက် စာတမ်းတွေအရ ဒီ Tennis ပြိုင်ပွဲတွေရဲ့ အနိုင်အရှုံးကို ကြိုတင် စည်းဝါးရိုက်ထားမှုတွေ (အားကစားအခေါ် အကြံအဖန်လုပ်ပွဲတွေ) ပြုလုပ်တာ တွေ့ရတယ်လို့ သတင်းထုတ်ပြန် ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ကမ္ဘာ့ထိပ်တန်း Tennis အားကစားသမား ၅၀ အနက် ထိပ်ဆုံး အဆင့်မှာပါတဲ့ ၁၀ ဦးတို့ဟာ ပြိုင်ပွဲတွေရဲ့ အနိုင်အရှုံးကို ကြိုတင် စည်းဝါးရိုက်ထားတာကို တွေ့ရတဲ့အကြောင်း Tennis Integrity Unit (TIU) လို့ ခေါ်တဲ့ တင်းနစ် ဂုဏ်သိက္ခာ ထိန်းသိမ်းရေးအဖွဲ့ကို အကြိမ်ကြိမ် အကြောင်းကြား သတိပေးခဲ့ကြောင်း ၊ ဒါပေမဲ့ အဲဒီလူတွေအနေနဲ့ ဘယ်လိုမှာ အရေးယူမခံရတဲ့ အကြောင်း BBC နဲ့ Buzzfeed သတင်းဌာနတို့က ထုတ်ပြန်ခဲ့ပါတယ်။
ကြေးစား Tennis အားကစား အဖွဲ့ အစည်းရဲ့ ဥက္ကဌဖြစ်တဲ့ Chris Kermode ကတော့ TIU အနေနဲ့ ဒီစွတ်စွဲပြောဆိုချက်နဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ အထောက်အထား တစုံတရာ မတွေ့ရကြောင်း၊ ကြားတဲ့ စကားကို အခြေခံပြီး သံသယထားလို့ မရပါဘူးလို့ ပြောပါတယ်။
ITU နဲ့ Tennis အားကစား အာဏာပိုင်အဖွဲ့ အနေနဲ့ အနိုင်အရှုံးကို ကြိုတင် စီစဉ် ဖန်တီးထားတယ် ဆိုတဲ့ အထောက်အထား အယူအဆတွေ စုံစမ်းစစ်ဆေးမှုမရှိပဲ ပြောနေတဲ့ ဆင်ခြေတွေကို လုံးဝ လက်မခံ ပယ်ချကြောင်း ပြောဆိုပါတယ်။
BBC နဲ့ Buzzfeed တို့ကတော့ သံသယရှိထားတဲ့ အားကစား သမားတွေထဲက ၈ ယောက်ဟာ ဒီနှစ် Australia Open တင်းနစ် ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်နေကြတယ်လို့ ပြောဆိုပါတယ်။